ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ။ ။ အမေရိကန်၏ ဘီ-၅၂ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းသည် တောင်တရုတ်ပင်လယ်ရှိ တရုတ်ကတည်ဆောက်ထားသော ကျွန်းများအနီး ယခုသီတင်းပတ်တွင် ပျံသန်းခဲ့ရာ တရုတ်မြေပြင်ထိန်းချုပ်ရေးစခန်းများက ဆက်သွယ်ခဲ့သော်လည်း အဆီးအတားခံရမှုမရှိဘဲ ဆက်လက်ပျံသန်းခဲ့သည်ဟု ပင်တဂွန်က နိုဝင်ဘာ၁၂တွင် ပြောကြားခဲ့သည်။
အာရှ-ပစိဖိတ်ထိပ်သီးဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဒေသတွင်းသို့ သမ္မတဘားရက်အိုဘားမားမလာရောက်မီ ယခုဗုံးကြဲလေယာဉ်များ ပျံသန်းမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်တွင် လေယာဉ်သင်္ဘောများလွတ်လပ်စွာပျံသန်းမောင်းနှင်ရေးအတွက် ဝါရှင်တန်က ကတိကဝတ်ပြုမှုကို အိုဘားမားက ထပ်မံအာမခံပြောဆိုမည်ဟု မျှော်လင့်ရသည်။
နှစ်စဉ်ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာ ၅ ထရီလီယံ ဖြတ်သန်းနေသော တောင်တရုတ်ပင်လယ်၏ အားလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု တရုတ်က ပြောကြားထားသည်။
အမေရိကန်ကလည်း လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားမှုမရှိစေရေး ကင်းလှည့်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့ကလည်း တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသည်။
ယခုနောက်ဆုံးကင်းလှည့်ပျံသန်းမှုတွင် စပရက်တလီကျွန်းများ၏ ဧရိယာတွင် ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၈နှင့် ၉က ညပိုင်းတွင်ပျံသန်းခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း တရုတ်က ၎င်းပိုင်ဆိုင်သည်ဟု ပြောကြားထားသော ကျွန်းများပတ်လည် ရေမိုင် ၁၂မိုင်အတွင်းသို့မူ ဝင်ရောက်ခြင်းမရှိခဲ့ဟု ပင်တဂွန်ပြောခွင့်ရ ရေတပ်ဒုတိယဗိုလ်မှူးကြီး ဘီလ်အာဘန်က ပြောသည်။
ဘီ-၅၂လေယာဉ်များသည် တောင်တရုတ်ပင်လယ်တွင် မစ်ရှင်လမ်းကြောင်းအတိုင်း ပျံသန်းနေခဲ့ပြီး ဂူအမ်မှ ပျံတက်၍ ဂူအမ်သို့ ပြန်လည်ဆင်းသက်ခဲ့သည်ဟု အာဘန်က ပြောသည်။