အထူးရဲများကို ရွေးကောက်ပွဲအတွက် အဓိကခန့်အပ်ခြင်းဖြစ်သော်လည်း ကြိုတင်မဲပေးသည့်ရက်တွင် တာဝန်ပေးအပ်ခြင်းမရှိကြောင်း လွိုင်ကော် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး သန်းထွန်းဝင်း ကပြောသည်။
ကယားပြည်နယ်တွင်းတွင် မဲရုံ ၂၂၉ရုံ ရှိပြီး မဲရုံတစ်ရုံတွင် အထူးရဲတစ်ဦးစီ လုံခြုံရေးတာဝန်ယူရမည်ဖြစ်၍ လက်ရှိ ဌာနေ ရဲများက လုံလောက်မှုမရှိသဖြင့် အထူးရဲ ထပ်မံခန့်အပ်ရခြင်းဖြစ်ကြောင်း လွိုင်ကော် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူး သန်းထွန်းဝင်းကပြောသည်။
၎င်းက “အထူးရဲ ခန့်အပ်တာက မဲရုံတရုံမှာ တာဝန်ထမ်းဆောင်ဖို့ ရဲတယောက်လိုပါတယ်။ ရဲတယောက်စီလိုတဲ့အတွက် မဲရုံတစ်ရုံကို အထူးရဲ တယောက်ခန့်ပေးအပ်ခြင်းဖြစ်တယ်။ ဘာလို့လဲဆို ပြည်သူအင်အားနဲ့ ရဲအင်အားကျတော့ (၅၀၀)ကျော်ပါတယ်။ ၁ အချိုး ၅၀၀ကျော်ပေ့ါ။ ဆိုလိုတာက ပြည်သူ အယောက် ၅၀၀ကျော်မှာ ရဲ ၁ယောက်ပေ့ါ။ အဲတော့ မမျှတဘူးပေ့ါ။” ဟု ပြောသည်။
လာမည့် နိုဝင်ဘာ ၈ရက်တွင် အထွေထွေရွေးကောက်ပွဲ၌ ကယားပြည်နယ်တွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲတပ်ဖွဲ့ဝင် (၁၉၃)ဦးကို ထပ်မံခန့်အပ်ပြီး ရဲလုပ်ငန်းဆိုင်ရာ (၁၂)ရက်တိတိ သင်တန်း စတင်ပို့ချရန် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လွိုင်ကော်သာသနာ့ဗိမာန်၌ ရဲလုပ်ငန်းဆိုင်ရာသင်တန်း စတင်ဖွင့်လှစ်ပေးသွားသည်။
ကယားပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်အင်အား (၅၀၀)နီးပါးရှိပြီး မဲဆနန္ဒရှင် နှစ်သိန်းခုနှစ်သောင်းကို တာဝန်ယူရာတွင် လုံလောက်မှုမရှိသည့်အတွက် အထူးရဲခန့်အပ်ရခြင်းဖြစ်ကြောင်း သိရသည်။
အထူးရဲများကို ခေါ်ရာတွင် ပါတီ၊ နိုင်ငံရေးကင်းရှင်းသူများနှင့် မီးသတ်ဖွဲ့များကိုသာကို ခေါ်ယူထားကြောင်း သိရသည်။
ဌာနေ ရဲများကိုတော့ အခြားလုံခြုံရေးကဏ္ဍတွင် လည်းကောင်း၊ မဲပုံးဆိုင်ရာပစ္စည်းများ သယ်ဆောင်ခြင်းတွင်လည်းကောင်း တာဝန်ပေးအပ်သွားမည်ဟု သိရပါသည်။
အထူးရဲများကို အောက်တိုဘာလ ၁၅ရက်က စတင်ခန့်အပ်ပြီး နိုင်ဝင်ဘာ (၁၃)ရက်အထိ ခန့်အပ်သွားမည်ဖြစ်သည်။
အထူးရဲတပ်ဖွဲ့ဝင်များကို သင်တန်းဆရာ (၁၄)ဦးဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် အခြေခံစစ်ရေးပြ၊ ရဲတပ်ဖွဲ့ဝင်များ လိုက်နာမည့် နည်းဥပဒေ၊ ရဲတပ်ဖွဲ့ဝင်များ စောင့်ထိန်းရသည့် ဥပဒေ၊ ရွေးကောက်ပွဲတွင်အသုံးပြုနိုင်မည့် အပိုင်းကို ဖြတ်ပြီးသင်ကြားသွားမည်ဟုသိရသည်။
အထူးရဲတပ်ဖွဲ့ဝင် ၁၉၃ဦးကို အောက်တိုဘာလ ၂၀ရက်က စပြီး အောက်တိုဘာ ၃၁ရက်အထိ လွိုင်ကော်သာသနာ့ဗိမာန်တွင် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသညည်။