အောက်တိုဘာ ၁၉၊ ရန်ကုန် ။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀ ပြီးဆုံးချိန်၌ ချန်ပီယံအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းက ကြိုတင်ဗိုလ်စွဲနိုင်ခဲ့သော်လည်း တန်းဆင်းဇုန်အတွင်း၌ အသင်းခြောက်သင်းထိ အပြိုင်အဆိုင် ဖြစ်နေလျက်ရှိသည်။
အဆိုပါ လိဂ်ပွဲစဉ် ၂၀ တွင် ရန်ကုန်အသင်းသည် ဇေယျာရွှေမြေအသင်းကို တစ်ဂိုးစီ သရေကျခဲ့သော်လည်း ဒုတိယနေရာမှ ရတနာပုံအသင်းက ဇွဲကပင်အသင်းကို ၃-၄ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် လိဂ် လက်ကျန် နှစ်ပွဲအလိုတွင် ချန်ပီယံဆု ဗိုလ်စွဲနိုင်ခဲ့သည်။
အခြားပွဲစဉ်များတွင် ချင်းယူနိုက်တက်အသင်းက နေပြည်တော်အသင်းကို အဝေးကွင်း၌ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သလို ဟံသာဝတီအသင်းကလည်း ရခိုင်အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစား ကာနှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ကျန်ပွဲစဉ်များအဖြစ် ကမ္ဘောဇအသင်းနှင့် ဧရာဝတီယူနိုက်အသင်းတို့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး မကွေးအသင်းနှင့် မနောမြေအသင်းတို့ ပွဲစဉ်၌လည်း နှစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။
ယင်းပွဲစဉ် ၂၀ ပြီးဆုံးချိန်၌ တန်းဆင်းဇုန်အတွင်း၌ မနောမြေနှင့် နေပြည်တော်အသင်းတို့ ကျရောက်နေသော်လည်း လက်ကျန်ပွဲစဉ် နှစ်ပွဲအလိုတွင် အမှတ်ပေးဇယား အဆင့် ၇ မှ ၁၀ နေရာအထိ အသင်းများနှင့် ငါးမှတ်သာ ကွာဟလျက်ရှိသည်။
လက်ရှိတွင် အမှတ်ပေးဇယား တန်းဆင်းဇုန်အတွင်းမှ မနောမြေအသင်းသည် ရမှတ် ၁၆ မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေသလို နေပြည်တော်အသင်းက ရမှတ် ၁၇ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်လျက်ရှိသည်။
ယခုနှစ် ၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၂၀ ပြီးချိန်၌ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၅၀ ဖြင့် ပထမ၊ ရတနာပုံအသင်းက ရမှတ် ၃၉ မှတ်ဖြင့် ဒုတိယ၊ မကွေးအသင်းက ရမှတ် ၃၅ မှတ် ဖြင့် တတိယ နှင့် ဧရာဝတီအသင်းက ရမှတ် ၃၃ မှတ်ဖြင့် စတုတ္ထနေရာ တို့တွင် အသီးသီး ရပ်တည်လျက်ရှိသည်။