တိုင်ဖုန်းမုန်တိုင်း ကော့ပူဖိလစ်ပိုင်နိုင်ငံတွင်း ဝင်ရောက်တိုက်ခတ်ရာတွင် လူသုံးဦးသေဆုံးပြီး ဘေးလွှတ်ရာနေရပ်ရွှေ့ပြောင်းရသူ ၂၃၀၀၀ ကျော်ထက်မနည်းရှိကြောင်း အရေးပေါ်အေဂျင်စီက ပြောသည်။
အဆင့်လေးရှိ ယင်းတိုင်ဖုန်းမုန်တိုင်းကြောင့် အော်လိုရာပြည်နယ် ကာဆီဂူရန် မြို့အနီး မြေပြိုမှုဖြစ်ပွားသည်။ တစ်နာရီကို လေတိုက်နှုန်း ၂၁၀ ကီလိုမီတာဖြင့် တိုက်ခတ်ရာ သစ်ပင်များပြိုလဲခြင်း၊ အိမ်များ ပျက်စီးခြင်းနှင့် မြေပြိုမှုရေကြီးမှုများ ဖိလစ်ပိုင်နိုင်ငံ တွင်းဖြစ်ပွားလျက်ရှိပြီး ဒဏ်ရာရသူလည်း လေးဦးရှိသည်။
ပျေက်ဆုံးနေသူ ရှစ်ဦးရှိပြီး နူအီဗာပြည်နယ်တွင် မြစ်ကမ်းပြိုမှုများဖြစ်ကာ ကျေးရွများ ရေကြီးနေ၍ ကယ်ဆယ်ရေးများ လုပ်ဆောင်နေရလျက်ရှိကြောင်း အာဏာပိုင်များက ပြောသည်။
"ရေက ပိုတက်လာနေလို့ လူတွေက အကူအညီ တောင်းခံနေပြီ။ ကယ်ဆယ်ရေးက လက်လှမ်းမမီဖြစ်နေရတယ်။"ဟု ဒေသဆိုင်ရာ အရပ်ဖက်ကာကွယ်ရေး လက်ထောက်အကြီးအကဲ နီဂယ်လွန်တော့က ပြောသည်။
ရေကြီးမှုတွင် ဘေးကြုံနေသည့် ကျေးရွာများသို့ ရောက်ရှိရေးမှာ သွားလာရေးခက်သဖြင့် ကယ်ဆယ်ရေးသမားများအနေဖြင့် မရောက်သေးပဲ ရှိနေသည်။
"တစ်ချို့ရွာတွေက ရေဘေးအတော်ဆိုးဝါးနေပြီး ရေထဲမှာ လူသေလောင်း နှစ်လောင်း မျောပါလာတာကို ကယ်ဆယ်ရေးများ တွေ့ခဲ့ရတယ်။"ဟု နူအီဗာ အုပ်ချုပ်ရေးမှူး အူမာလီက ပြောခဲ့သည်။
မုန်တိုင်းက တစ်ဖြေးဖြေး နိုင်ငံကို ဖြတ်တိုက်နေသဖြင့် ရေကြီးမှု သုံးရက်အတွက် သဘာဝဘေးစီမံခန့်ခွဲမှု တာဝန်ရှိသူများက သတိပေးထားသည်။
"ခုအစမှာတောင် အိမ်တွေ တော်တော်ပျက်စီးရတယ်။ လျှပ်စစ်မီးလည်း ပြတ်တောက်နေပြီး အဓိကလမ်းမကြီးတွေမှာ သစ်ပင်တွေ ပြိုလဲလို့ လမ်းတွေ ပိတ်နေပါတယ်။"ဟု အမျိုးသားသဘာဝဘေးအန္တရာယ် စီမံရေးကောင်စီမှ အမှုဆောင်အရာရှိချုပ် ပါမားက ပြောသည်။
ပင်လယ်တွင်း လှိုင်းများ ၁၄ မီတာအထိ မြင့်တက်နိုင်ရာ ရေကြောင်း သွားလာမှုများကို တားမြစ်ထားကြောင်း အရပ်ဖက်ကာကွယ်ရေး တာဝန်ရှိသူများက ပြောသည်။
ပြည်တွင်း လေကြောင်းခရီးစဉ်များ ဖျက်သိမ်းထားရပြီး ကမ်းခြေနေပြည်သူထောင်ပေါင်းများစွာလည်း လုံခြုံရာသို့ ရွှေ့ပြောင်းနေရလျက်ရှိသည်။
Ref: ABC