ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်းဝက်ဆိုက်ကို အတိုက်ခိုက်ခံရသည်ဟု အောက်တိုဘာ ၁၂ရက်က နံနက်ပိုင်းက ဧရာဝတီသတင်းဌာန၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ကြေငြာထားသည်။
ဧရာဝတီသတင်းဌာန၏ မြန်မာပိုင်း ဝက်ဆိုက်စာမျက်နှာတွင် သတင်းအမှားများကို ဧရာဝတီသတင်းထောက်များ၏ နာမည်များဖြင့် လုပ်ကြံ ရေးသားကာ တင်ထားသည်ကို တွေ့ရသည်။
ဧရာဝတီ မြန်မာပိုင်း website တွင် Hacker များတင်သွားသော သတင်းအမှား ၂ ခုမှာ "ဒေါ်အောင်ဆန်းစုကြည် ပြည်ပတွင်ဆေးစစ် ဆေးကုသမှု ခံယူရန်အစီအစဉ်ရှိ " ဆိုသော သတင်း ၊ " တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို NLD အယုံအကြည်မရှိဟု ဦးဝင်းထိန်ပြော" ဆိုသော သတင်း ၂ ခုဖြစ်သည်။ အောက်ဖော်ပြပါ သတင်းများမှာ hacker များတိုက်ခိုက်တင်ထားသော သတင်းအမှားများသာဖြစ်သည်။ ဧရာဝတီ website ပုံမှန်ပြန်ဖြစ်ရန်ကြိုးစားလျက်ရှိသည်ဟု ဧရာဝတီသတင်းဌာနက ကြေငြာထားသည်။
ယခုတိုက်ခိုက်မှုသည် ဒုတိယအကြိမ်တိုက်ခိုက်ခံရမှုဖြစ်ပြီး အောက်တိုဘာ ၉ ရက်နေ့ကလည်း ဧရာဝတီမြန်မာပိုင်း website ကိုတိုက်ခိုက်ခံခဲ့ရသည်ဟု ဧရာဝတီကဆိုသည်။