ဟနွိုင်း၊ စက်တင်ဘာ ၂၆ ။ ။ ဗီယက်နမ်ကွန်မြူနစ်အစိုးရက နိုင်ငံပိုင်မီဒီယာနှင့် ထုတ်ဝေရေးကဏ္ဍတို့တွင် အရေအတွက် လျှော့ချမှုများ ပြုလုပ်မည်ဖြစ်ရာ အလုပ်အကိုင် အရေအတွက် ၁၀,၀၀၀ နှင့် ပုံနှိပ်သတင်းစာအများအပြား လျော့နည်းသွားမည်ဖြစ်သည်။
ဗီယက်နမ်တွင် စာနယ်ဇင်းလုပ်ငန်းအရေအတွက်သည် လွန်ခဲ့သည့် ၁၅နှင့် နှိုင်းယှဉ်ပါက နှစ်ဆခန့်မြင့်တက်ပြီး ၁၁၀၀ သို့ ရောက်ရှိသွားသည်။ မီဒီယာကို စီးပွားရေးပုံစံလုပ်ဆောင်နေမှုသည် မြင့်တက်လျက်ရှိပြီး ပြည်သူများအကြား အဆိုးမြင်မှုများ ဖြစ်လာစေသည်ဟု စစ်တပ်ကထုတ်ဝေသည့် သတင်းစာတစ်စောင်တွင် စက်တင်ဘာ ၂၆ ရက်က ဖော်ပြခဲ့သည်။
ဗီယက်နမ်မီဒီယာကဏ္ဍပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ပြန်ကြားရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့ရာတွင် လိုင်စင်ရဂျာနယ်လစ် ၄၀၀၀ နှင့် အခြားဝန်ထမ်း ၆၀၀၀ တို့ အလုပ်လက်မဲ့ဖြစ်သွားမည်ဟု Tuoi Tre (လူငယ်) သတင်းစာက ရေးသားထားသည်။
ပုံနှိပ်မီဒီယာ၊ အွန်လိုင်းသတင်းစာနှင့် မဂ္ဂဇင်းအရေတွက် မည်မျှကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း မသိရပေ။
ဗီယက်နမ်ကွန်မြူနစ်အစိုးရသည် တရုတ်ကဲ့သို့ပင် မီဒီယာများပေါ်တွင် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး တာဝန်ခံအယ်ဒီတာများ ခန့်အပ်ရာတွင် အာဏာရပါတီက ထောက်ခံချက်ပေးရသည်။
သို့သော် အင်တာနက်နှင့် လူမှုမီဒီယာ ဖွံ့ဖြိုးလာမှုတို့က ပါတီ၏ သြဇာအာဏာအပေါ် လွန်ခဲ့သောနှစ်များအတွင်း စိန်ခေါ်မှုများ ဖြစ်လာခဲ့သည်။
ယခုထုတ်ပြန်လိုက်သည့် ကြေညာချက်အရ Vietnam Television Voice of Vietnam ရေဒီယို၊ Vietnam News Agency နှင့် အာဏာရကွန်မြူ နစ်ပါတီ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရဲဝန်ကြီးဌာနတို့မှ သတင်းစာသုံးစောင်တို့သည် မာတီမီဒီယာ အေဂျင်စီများ အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ပုံနှိပ်နှင့်အွန်လိုင်း သတင်းစာတိုက်များအနေဖြင့် အွန်လိုင်းသတင်းစာကို ဆက်လက်ထားရှိခွင့်ရမည်ဖြစ်သည်။ ယခုပြုပြင်လိုက်သည့်အစီအစဉ်အား ၂၀၁၆ ခုနှစ်တွင် စတင်စမ်းသပ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် အပြည့်အဝ အကောင်အထည်ဖော်မည်ဖြစ်သည်။