ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် အမေရိကန်နိုင်ငံသို့ ပထမဆုံးခရီးလည်ပတ်မှု စက်တင်ဘာ ၂၂ ရက်တွင် စတင်ရောက်ရှိသည်။ သမိုင်းတွင် အမေရိကန်ခရီးကို ခြောက်ရက်ကြာမြင့်မည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ကွန်မြူနစ်တိုင်းပြည် ကျူဘား ခရီးစဉ်ပြီးနောက် အမေရိကန်သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အသက် ၇၈ နှစ်ရှိပြီဖြစ်သည့် ပုပ်ရဟန်းမင်းကြီးသည် အမေရိကန်မြေပေါ်သို့ ဝါရှင်တန်အပြင်ဖက်ရှိ အင်ဒရူးလေတပ်အခြေစိုက်စခန်းတွင် စတင်ခြေချခြင်းဖြစ်သည်။
ပုပ်ရဟန်းမင်းကြီး လေယာဉ်မှ ထွက်လာသည်နှင့် ကြိုဆိုသူလူအုပ်က ကောင်းချီးသြဘာပေးကြသည်။
ကောဇောနီခင်းကြိုဆိုရာတွင် အမေရိကန်သမ္မတ အိုဘားမား၊ ဇနီး မစ်ရှယ်အိုဘားမားနှင့် သမီးများဖြစ်သည့် မာလီယာနှင့် ဆာရှာတို့က ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အား အသီးသီး လက်ဆွဲနှုတ်ဆက်ကြသည်။
အမေရိကန်ကက်သလစ်ဘာသာခေါင်းဆောင်များနှင့် လာရောက်ကြိုဆိုသူအချို့နှင့်လည်း ပုပ်ရဟန်းမင်းကြီးက လက်ဆွဲနှုတ်ဆက်ခဲ့ကာ ကောင်းချီးပေးလျက်ရှိသည့် လူအုပ်အား လက်ဝှေ့ယမ်းနှုတ်ဆက်သည်။
ဝါရှင်တန်ရှိ ကက်သလစ်ကျောင်းများမှ ကလေးငယ်အုပ်စုကလည်း ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုရာတွင် ပါဝင်ခဲ့ကြသည်။
အမေရိကန်သို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီးကို အိမ်ဖြူတော်တွင် သမ္မတအိုဘားမားက စက်တင်ဘာ ၂၃ရက်တွင် တွေ့ဆုံဧည့်ခံမည်ဖြစ်သည်။
Ref: The Straints Times