၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ပြိုင်နေသော ချင်းယူနိုက်တက် ဘောလုံးအသင်းသည် ပြီးခဲ့သည့် ဟံသာဝတီအသင်းနှင့် ပွဲစဉ် ၁၇ မှ စတင်ကာ အသင်းနည်းပြချုပ် အပြောင်း အလဲ ပြုလုပ်ခဲ့သည်ဟု အသင်းအမှုဆောင် အရာရှိချုပ် ဦးဒိုခန့်ခုပ်က မဇ္ဈိမကို ပြောသည်။
ချင်းယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၇ ဟံသာဝတီအသင်းနှင့် ပွဲမှ စတင်ကာ အသင်း လက်ထောက်နည်းပြ ဦးစိုးသိန်းကို အသင်းနည်းပြချုပ်အဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး ယခင် အသင်း နည်းပြချုပ် ဦးဌေးမြင့်ကို အသင်း လက်ထောက်နည်းပြ ရာထူးသို့ လျှော့ချခဲ့သည်။
အလားတူ ချင်းယူနိုက်တက်အသင်းသည် အသင်းမန်နေဂျာအဖြစ် တာဝန်ယူနေသော ဦးဆန်းဝင်းနှင့်လည်း နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။ ချင်းယူနိုက်တက်အသင်းသည် နည်းပြချုပ် ဟောင်း ဦးဌေးမြင့် ကိုင်တွယ်ခဲ့စဉ်ကအသင်း ခုနစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အသင်းမှာလည်း တန်းဆင်းဇုန် အန္တရာယ်နှင့် ပိုမို နီးကပ်လာခဲ့သည်။
သို့သော် အသင်းနည်းပြချုပ်အသစ် ဦးစိုးသိန်း စတင် ကိုင်တွယ်ခဲ့သော ဟံသာဝတီအသင်းနှင့် ပွဲစဉ် ၁၇ တွင် ဂိုးမရှိသရေ ၊ ပွဲစဉ် ၁၈ ဇွဲကပင်အသင်း ကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရလဒ်များ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ချင်းယူနိုက်တက်အသင်းသည် ဇွဲကပင်အသင်းကို အနိုင်ရခဲ့သော ကြောင့် အမှတ်ပေးဇယား အောက်ဆုံးမှ ရခိုင်ယူနိုက်တက်အသင်းနှင့် အမှတ်ငါးမှတ် ဖြတ်ထားနိုင် ခဲ့သည်။
ချင်းယူနိုက်တက်အသင်းသည် စုစုပေါင်း ၁၇ ပွဲ ကစားပြီးချိန်တွင် ငါးပွဲနိုင်၊ လေးပွဲသရေ၊ ရှစ်ပွဲရှုံး ရမှတ် ၁၉ မှတ်ရရှိထားပြီး အဆင့်ခြောက်နေရာတွင် ရပ်တည်နေသည်။
လက်ရှိအချိန်တွင် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် ပွဲစဉ် ငါးပွဲ ကျန်ရှိနေပြီး လက်ကျန် ငါးပွဲတွင် ချင်းယူနိုက်တက်အသင်းသည် ရခိုင်ယူနိုက် တက်အသင်း၊ ဧရာဝတီယူနိုက်တက်အသင်း၊ နေပြည်တော်အသင်း၊ ဇေယျာရွှေမြေအသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းတို့နှင့် ကစားရန် ကျန်ရှိ နေသည်။