ထိုင်းလေတပ်က ကိုရီးယားအသံထက်မြန်သည့် လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်များ ဝယ်ယူ

ထိုင်းလေတပ်က ကိုရီးယားအသံထက်မြန်သည့် လေ့ကျင့်ရေး ဂျက်တိုက်လေယာဉ်များ ဝယ်ယူ

တော်ဝင်ထိုင်းလေတပ်မတော်က တောင်ကိုရီးယားကုမ္ပဏီတစ်ခုမှ T-50TH အသံထက်မြန်သည့်လေ့ကျင့်ရေးဂျက်လေယာဉ်လေးစင်းဝယ်ယူရန် အမေရိကန်ဒေါ်လာ သန်း ၁၁၀ (ဘတ်ငွေ ၃ ဒသမ ၉ ဘီလီယံ) တန်ဖိုးရှိ ကန်ထရိုက်စာချုပ် ချုပ်ဆိုသည်။

T-50TH လေယာဉ်များသည် T-50 Golden Eagle ဂျက်လေယာဉ်များ၏ ဗားရှင်းသစ်လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များဖြစ်ပြီး Korea Aerospace Industries (KAI) ကုမ္ပဏီက ထုတ်လုပ်သည်။ ထိုင်းလေတပ်က လာမည့်အနာဂတ်ကာလတွင် T-50 ဂျက်လေယာဉ်များ အစီးပေါင်း ၂၀ ကျော်ကို ဝယ်ယူရေးအတွက်လည်း သဘောတူလက်မှတ်ရေးထိုးထားပြီးကြောင်း ကိုရီးယားမီဒီယာများတွင် ဖော်ပြ သည်။

ယခု T-50TH လေယာဉ်လေးစင်းကို ထိုင်းနိုင်ငံသို့ လ ၃၀ အတွင်း ပေးပို့မည်ဖြစ်သည်။ သဘောတူစာချုပ်တွင် လေယာဉ်အစိတ်အပိုင်းများ၊ စက်ကိရိယာများ၊ လေယာဉ်မှူးများအား လေ့ကျင့်မှုပိုင်းများ၊ နည်ပညာရှင်များ၏ ပြသသင်ကြားပေးမှုများ စသည့်ဝန်ဆောင်မှုများပါ ပါဝင်သည်။

ကန်ထရိုက်စာချုပ်ကို ဆိုးလ်တွင် စက်တင်ဘာ ၁၇ ရက်က ထိုင်းလေတပ်စစ်ဦးစီးချုပ် ရွန်ဆာဝန်နှင့် KAI စီအီးအို ဟာဆန်းယွန်တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

တော်ဝင်ထိုင်းလေတပ်မှ ပြောရေးဆိုခွင့်ရှိသူ မွန်သွန်ဆက်ချပ်ကွန်းက ယခုကဲ့သို့ လေယာဉ်များဝယ်ယူရေးကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၁ ရက်က ကက်ဘိနက်ဝန်ကြီးအဖွဲ့က ဆုံးဖြတ်အတည်ပြု ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးက စက်တင်ဘာ ၁၀ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

T-50TH အသံထက်မြန်သည့် လေ့ကျင့်ရေးဂျက်လေယာဉ်များကို အပေါ့စားတိုက်ခိုက်ရေးဂျက်လေယာဉ်များအဖြစ်လည်း နှစ်မျိုးစုံသုံးနိုင်သည့် ဂျက်လေယာဉ်များဖြစ်သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly