အိန္ဒိယက နာဂသူပုန်အဖွဲ့ကို တားမြစ်

အိန္ဒိယက နာဂသူပုန်အဖွဲ့ကို တားမြစ်

သီရိလင်္ကာ၊ စက်တင်ဘာ ၁၆ ။ ။ အိန္ဒိယအစိုးရက National Socialist Council of Nagaland (Khaplang) NSCN အဖွဲ့အား ငါးနှစ်တာ ပိတ်ပင်တားမြစ်မိန့်ကို စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်သည်။

နာဂသူပုန်ခေါင်းဆောင် S S Khaplang ဦးဆောင်သည့် NSCN အဖွဲ့သည် တည်ငြိမ်မှုကင်းမဲ့သည့် နိုင်ငံမြောက်ပိုင်းတွင် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သည့် အဖွဲ့ဖြစ်သည်။

NSCN(K)အဖွဲ့အား မတရားအသင်းအဖြစ် ကက်ဘိနက်အစည်းအဝေးတွင် ဆုံးဖြတ်ရန် ကြေညာခဲ့ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်၏ လက်ထောက်ဖြစ်သူက Mizzima သို့ ဖုန်းဖြင့်ပြောသည်။

ယင်းအဖွဲ့အား ၁၉၆၇ ခုနှစ် ဥပဒေမဲ့ပြုမှုဆောင်ရွက်မှုများ(ကာကွယ်တားဆီးရေး)ဥပဒေအရ တားမြစ်သွားမည်ဖြစ်သည်။

"ပြီးခဲ့တဲ့ အချိန်ကာလတွေတုန်းက ဖောက်ခွဲတိုက်ခိုက်မှုတွေ၊ ခြုံခိုတိုက်ခိုက်မှုတွေကို ဒီအုပ်စုက လုပ်ဆောင်ခဲ့တယ်။ အိန္ဒိယအစိုးရအနေနဲ့ အသေအချာစဉ်းစားပြီးမှ ခုလို NSCN(K)အဖွဲ့ကို ဥပဒေမဲ့ အဖွဲ့အစည်းအဖြစ် ငါးနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်တယ်။"ဟု ၎င်းက ပြောသော်လည်း ယခုကဲ့သို့ ထုတ်ဖော်ပြောပိုင်ခွင့်မရှိသဖြင့် ၎င်း၏ အမည်ကိုမူ ပြောကြားခြင်းမရှိပေ။

၁၉၉၈တွင် NSCN သည် အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့သည်။ Khaplang ဦးဆောင်သည့် NSCN(K)နှင့် Isak Chishi Swu နှင့် Thuingaleng Muivah တို့ ပူးတွဲကာ ဦးဆောင်သည့် NSCN(IM) အဖွဲ့တို့ဖြစ်သည်။

အိန္ဒိယအစိုးရက သြဂုတ် ၃ ရက်က NSCN(IM) အဖွဲ့နှင့် သဘောတူညီမှု မူဘောင်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း သဘောတူညီမှုတွင် မည်သည့်အကြောင်းချင်းရာများ ပါဝင်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

Khaplang သည်လည်း ၂၀၀၀ ခုနှစ်က အပစ်ရပ်ရေး အိန္ဒိယနှင့် သဘောတူလက်မှတ် ရေးထိုးထားသည်ကိုလည်း ကတိဖျက်ခဲ့သည်။

ထိုသို့ အပစ်ရပ်ကို ချိုးဖောက်ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီတွင် ၎င်း၏ တပ်ဖွဲ့မှ တိုက်ခိုက်ရေးသမားများ အိန္ဒိယစစ်တပ်နှင့် လေထီးစစ်သားများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယင်းတိုက်ခိုက်မှုများအတွင်း လူ ၃၀ နီးပါး ကျဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly