အိုင်အက်စ်များမှာ သမိုင်းတွင် မကြံုဖူးသည့်ပမာဏဖြင့် မုဒိမ်းမှုများကို ကျူးလွန်နေဟု ဟောလီးဝုဒ်ကြယ်ပွင့် အိန်ဂျလီနာ ဂျိုလီက သတိပေး

အိုင်အက်စ်များမှာ သမိုင်းတွင် မကြံုဖူးသည့်ပမာဏဖြင့် မုဒိမ်းမှုများကို ကျူးလွန်နေဟု ဟောလီးဝုဒ်ကြယ်ပွင့် အိန်ဂျလီနာ ဂျိုလီက သတိပေး

လန်ဒန်၊ စက်တင်ဘာ - ၉ ။          ။ အိုင်အက်စ်စစ်သွေးကြွများမှာ အစဉ်အဆက် မကြုံဖူးခဲ့သည့် ပမာဏဖြင့် မုဒိမ်းကျင့်ခြင်းကို စစ်ရေးလက်နက်အဖြစ် အသုံးပြုနေကြောင်း ဟောလီးဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီက သတိပေးခဲ့ပြီး မုဒိမ်းမှုကျူးလွန်သူများကို ပိုမိုထိရောက်စွာ အရေးယူရန်လည်း တိုက်တွန်းလိုက်သည်။

ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အထူးသံတမန်လည်းဖြစ်၊ စစ်ပွဲများတွင် လိင်အကြမ်းဖက်မှုကို တက်ကြွစွာ ဆန့်ကျင်လှုပ်ရှားသူလည်းဖြစ်သော ဂျိုလီက အိုင်အက်စ်များမှာ မုဒိမ်းကျင့်ခြင်း ကိုပေါ်လစီ တစ်ရပ်အနေဖြင့် ကျင့်သုံးနေသောကြောင့် ပိုမိုပြင်းထန်စွာ တုန့်ပြန်ရန် တိုက်တွန်းလိုက်သည်။

အိုင်အက်စ်အကြမ်းဖက်သမားများက ယမန်နှစ်နွေရာသီက ဆီးရီးယားနှင့် အီရတ်တစ်လွှားရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် ခါလီဖိတ်နိုင်ငံတော်ကို ကြေညာပြီးချိန်မှစ၍ အမျိုးသမီးနှင့် မိန်းခလေးငယ် ထောင်ပေါင်းများစွာကို အဓမ္မခေါ်ဆောင်ကာ မုဒိမ်းကျင့်ပြီး လိင်ကျွန်များအဖြစ် ရောင်းချခဲ့သည်ဟု ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများထံမှ သိရသည်။

''မျက်မှောက်ခေတ် ကမ္ဘာမှာ အကြမ်းကြုတ်ဆုံး အကြမ်းဖက်အုပ်စုက မုဒိမ်းကျင့်မှုကို သူတို့ရဲ့ အကြမ်းဖက်လက်နက်၊ လူ့အသိုင်းအဝိုင်းမိသားစုတွေကို ဖျက်စီးတဲ့ နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုနေ တယ်''ဟု ဂျိုလီက စက်တင်ဘာလ ၈ရက်နေ့က ဗြိတိသျှပါလီမန်ကော်မတီကို ပြောကြားခဲ့သည်။

စစ်ပွဲတွင် လိင်အကြမ်းဖက်မှုတားဆီးရေး ဖော်ဆောင်ရန်အတွက် ၂၀၁၂ခုနှစ်တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံ ဟိတ်၏ အင်အားစုထဲသို့ ပူးပေါင်းပါဝင်လာခဲ့သည့် အော်စကာဆုရမင်းသမီး ဂျိုလီက သူမတွေ့ဆုံခဲ့သော စစ်ပွဲဇုန်များထဲတွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မိန်းခလေးများအကြောင်းကို ပြောကြားသွားခဲ့သည်။

ထိုမိန်းခလေးများထဲတွင် သူငယ်ချင်းများနှင့်အတူ အကြိမ်ကြိမ်မုဒိမ်းကျင့်ခံရပြီးနောက် စတာလင်ပေါင် ၂၆ပေါင် (ဒေါ်လာ ၄၀)ဖြင့် ရောင်စားခံခဲ့ရသည့် ၁၃နှစ်အရွယ် အီရတ်မိန်းမငယ်တစ်ဦးလည်း ပါဝင်နေသည်။   

စစ်ပွဲတွင်း လိင်ရာဇဝတ်မှုများကို ဆန့်ကျင်သည့် လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၁၃ခုနှစ်တွင် ဂျိုလီနှင့် ဟိတ်တို့နှစ်ဦးက မုဒိမ်းမှုကျူးလွန်သူများကို ဖော်ထုတ်ပြီး တရားဥပဒေရှေ့မှောက် ပို့ဆောင်ရေးနှင့် မုဒိမ်းကျင့်ခံရသူများ၏ လုံခြုံရေးအတွက် အာမခံသည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ရာ နိုင်ငံပေါင်း ၁၅၀ကျော်က ထောက်ခံလက်မှတ်ထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly