စပိန်၊ စက်တင်ဘာ ၆။ ။ ဘာစီလိုနာအသင်းသည် မန်ယူအသင်းက ခေါ်ယူရန် အလိုရှိနေသည့် ဘရာဇီးတိုက်စစ်မှူး နေမာကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၅ သိန်းဖြင့် စာချုပ်သစ် ချုပ်ဆိုရန် ကမ်းလှမ်းမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလက နေမာကို ခေါ်ယူလိုသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း တရားဝင်ကမ်းလှမ်းမှုမျိုး ပြုလုပ်ခြင်း မရှိခဲ့ပေ။
မန်ယူအသင်းအနေဖြင့် လာမည့် ဆောင်းရာသီအပြောင်းအရွှေ့ကာလတွင် နေမာကို ခေါ်ယူရန် ကြိုးပမ်းလာနိုင်သည့်အတွက် ဘာစီလိုနာအသင်းက ကြိုတင်ကာကွယ်သည့်အနေဖြင့် စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြသည်။
ဘာစီလိုနာအသင်းသည် နေမာအား တစ်ပတ်လစာငွေပေါင် ၅ သိန်းဖြင့် ပေါင်သန်း ၁၅၀ တန်ကြေးရှိ ခြောက်နှစ်စာချုပ် ချုပ်ဆိုမည်ဟု တယ်လီဂရပ်ဖ်က ဆိုသည်။
The Sun သတင်းစာကလည်း ဘာစီလိုနာအသင်းသည် ခရစ္စမတ်ကာလမတိုင်မီ နေမာနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဖော်ပြသွားခဲ့သည်။
အသက် ၂၃ နှစ်အရွယ်ရှိနေမာသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲပေါင်းစုံတွင် ၃၉ ဂိုးသွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်း ချန်ပီယံဆုဖလားသုံးလုံးရယူရာတွင် မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် တွဲဖက်ကာ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည်။
ဘာစီလိုနာအသင်း၏ နည်းစနစ်ဒါရိုက်တာ ရောဘတ်ဖာနန်ဒက်ဇ်က နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်စေမည့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားမည် ဖြစ်ကြောင်းနှင့် ယင်းစာချုပ်သစ်အရ နေမာသည် ဘာစီလိုနာတွင် ဒုတိယလစာငွေအများဆုံးကစားသမား ဖြစ်လာမည်ဟု ဆိုသည်။
ရည်ညွှန်း တယ်လီဂရပ်ဖ်