ကမ္ဘာ့စံချိန်မှတ်တမ်း ဂင်းနစ်စာအုပ်မှာ စံချိန်လေးခုတင်ထားသည့် မော်ရင်ဟို

ကမ္ဘာ့စံချိန်မှတ်တမ်း ဂင်းနစ်စာအုပ်မှာ စံချိန်လေးခုတင်ထားသည့် မော်ရင်ဟို

လန်ဒန်၊ စက်တင်ဘာ ၅။ ။ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် ကမ္ဘာ့စံချိန်မှတ်တမ်း ဂင်းနစ်စာအုပ်တွင် စံချိန်လေးခု တင်ထားနိုင်သူအဖြစ် မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။
ကမ္ဘာ့စံချိန်ရှင်အဖြစ် အသိအမှတ်ပြုလုပ်မှတ်လေးခုကို မော်ရင်ဟိုက ချယ်လ်ဆီးအသင်း၏ လေ့ကျင့်ရေးကွင်း Cobham တွင် လက်ခံရယူခဲ့သည်။

မော်ရင်ဟို ကမ္ဘာ့စံချိန်တင်ခဲ့သည့် မှတ်တမ်းလေးခုမှာ (၁) ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း အမှတ်အများဆုံးရယူနိုင်သည့်နည်းပြ - ချယ်လ်ဆီးအသင်းသည် ၂၀၀၄-၀၅ ရာသီက ပရီးမီးယားလိဂ်တွင် ရမှတ်စုစုပေါင်း ၉၅ မှတ်ရရှိခဲ့သည်။ လိဂ်ပွဲစဉ်ပေါင်း ၃၈ ပွဲတွင် ၂၉ ပွဲအနိုင်ရပြီး ၈ ပွဲသရေကျကာ တစ်ပွဲသာရှုံးခဲ့သည်။

(၂)တစ်ရာသီအတွင်း ဂိုးအနည်းဆုံးပေးရသည့် နည်းပြ - ၂၀၀၄-၀၅ ခုနှစ်က ပရီးမီးယားလိဂ်တွင် ချယ်လ်ဆီးအသင်း ပေးဂိုး ၁၅ ဂိုးပဲ ပေးရအောင် မော်ရင်ဟိုက နည်းပြပေးနိုင်ခဲ့သည်။

(၃)ပရီးမီးယားလိဂ်တွင် အိမ်ကွင်းရှုံးပွဲအနည်းဆုံးနည်းပြ - မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သည့် နှစ်ကြိမ်တွင် အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်၌ ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၇၇ ပွဲကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးခဲ့သည်။

(၄)ချန်ပီယံလိဂ်ပွဲ ၁၀၀ ပြည့် အသက်အငယ်ဆုံးနည်းပြ - ယခုအချိန်တွင် အသက် ၅၂ နှစ်ရှိနေပြီ ဖြစ်သည့် မော်ရင်ဟိုသည် အသက် ၄၉ နှစ်နှင့် ၁၂ ရက်တွင် ချန်ပီယံလိဂ်ပွဲတစ်ရာပြည့်ခဲ့သူ ဖြစ်သည်။ ၂၀၁၂ ခုနှစ်က ဖြစ်ပြီး ရီးယဲလ်အသင်းကို နည်းပြနေသည့်အချိန်ဖြစ်သည်။

မန်စီးတီးအသင်းနှင့်ကစားခဲ့သည့် ပွဲစဉ်တွင် ပွဲ ၁၀၀ ပြည့်ခဲ့ခြင်း ဖြစ်သည်။
'ဒီမှတ်တမ်းလက်မှတ်တွေကို ကျွန်တော့်ရဲ့ ရုံးခန်းမှာ ချိတ်ဆွဲလို့ ရတာပေါ့။ ဒါက တကယ်ကို မိုက်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်တုန်းက ကျွန်တော်အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးပါပြီ။ အခု လာမယ့် ပွဲစဉ်မှာ အနိုင်ရရှိဖို့ အာရုံစူးစိုက်ရပါလိ့မ်မယ်' ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ချယ်လ်ဆီးအက်ဖ်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly