ရန်ကုန်၊ သြဂုတ် ၂၉ ။ ။ စက်တင်ဘာ ၃ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် ကူဝိတ်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ပွဲကို အိမ်ရှင်နိုင်ငံဖြစ်သော ကူဝိတ်နိုင်ငံတွင် မကျင်းပဘဲ ကာတာနိုင်ငံ ဒိုဟာမြို့သို့ ပြောင်းလဲကျင်းပမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင် ကပြောသည်။
ကဝိတ်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ၌ အိမ်ရှင်အဖြစ် လက်ခံကစားရမည့် ပွဲစဉ်အားလုံးကို ကာတာနိုင်ငံ ဒိုဟာမြို့သို့ ပြောင်းလဲကျင်းပရန် စီစဉ်ထားသည်။
“ ကူဝိတ်နဲ့ပွဲကို ကာတာနိုင်ငံမှာ ကစားရမှာပါ။ အရင်ကတည်းက ကူဝိတ်အသင်းက သူတို့ ဆီမှာ အိမ်ရှင်အဖြစ် ကစားရမယ့်ပွဲအားလုံးကို ကာတာနိုင်ငံ ဒိုဟာမှာကစားဖို့ စီစဉ်ထားတာပါ။
ဘာကြောင့်လဲတော့ သေချာမသိပါဘူး။ သူတို့ဆီမှာ အိမ်ရှင်လုပ်ဖို့ အခက်အခဲ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ မြန်မာအသင်းက ယူအေအီးနဲ့ပွဲ ပြီးကတည်းက ကာတာကို သွားဖို့ စီစဉ်ထားပါတယ်။ အသင်းရဲ့ လက်ရှိအနေအထားကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ် ” ဟု ဦးတင်အောင်က ပြောသည်။
မြန်မာ့ လက်ရွေးစင်အသင်းသည် လက်ရှိတွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယူ-၂၀၊ ယူ-၂၃ မှ လူငယ်ကစားသမားများနှင့် စီနီယာကစားသမား စုပေါင်း၍ အသင်းသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီး သြဂုတ်လ ၂၈ ရက်၌ ယူအေအီးအသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့် ကပ်ရှုံးခဲ့သည်။
မြန်မာအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုပွဲစဉ် နှစ်ပွဲကစားထားပြီး လာအိုနှင့် နှစ်ဂိုးစီသ ရေ၊ တောင်ကိုရီးယားအသင်းကို ၂-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး စက်တင်ဘာ ၃ ရက်၌ ကူဝိတ်အသင်းနှင့် အုပ်စုတတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။