လန်ဒန်၊ သြဂုတ် ၂၉ ။ ။ ချယ်လ်ဆီးအသင်းသည် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူရန် အလွန်ခက်ခဲနေသည့်အတွက် မိုနာကိုနောက်ခံလူ အဒန်နာကို ပေါင် ၁၅ သန်းဖြင့်ခေါ်ယူ ရန်ပြင်ဆင်လျက်ရှိသည်။
ချယ်လ်ဆီးအသင်းသည် ဂျွန်စတုန်းကို ခေါ်ယူရန် လေးကြိမ်အထိ ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။ ပေါင်သန်း ၂၀ ဖြင့် စတင်ကမ်းလှမ်းခဲ့ပြီး နောက်ဆုံး ပေါင် ၃၈ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်က ငြင်းပယ်ခဲ့သည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် အားနည်းနေသည့် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းရန် မိုနာကိုမှ တူနီးရှားနောက်ခံလူ အဒန်နာကိုခေါ် ရန်ပြင်ဆင် လာခြင်းဖြစ်သည်။
အရပ် ခြောက်ပေ၊ နှစ်လက်မမြင့်ပြီး အသက် ၂၆ နှစ်အရွယ်ရှိ အဒန်နာသည် ဝါဒါဘရီမင်၊ တူးလော့စ်အသင်းတို့တွင် ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်က မိုနာကိုသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
မိုနာကိုအသင်း၏ အဓိက နောက်ခံလူအဖြစ် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြကစားခဲ့သည်။ ထို့ကြောင့် ဗလင်စီယာနှင့် လီဗာပူးလ်အသင်းတို့ကလည်း အဒန်နာကို ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေကြသည်။ အဒန်နာမှာ ဘယ်သန်ကစားသမားဖြစ်ပြီး နောက်ခံအတွင်းလူနှင့် ဘယ်နောက်ခံ နေရာများတွင် ကစားနိုင်သူ ဖြစ်သည်။
Ref: Daily Mail