သြဂုတ် ၂၁၊ ရန်ကုန် ။ ။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဝတ်စုံစပွန်ဆာအတွက်စပိန်အားကစားပစ္စည်းကုမ္ပဏီ ဂျိုမာနှင့်ညှိုနှိုင်းမှု အဆင်မပြေသဖြင့် ထိုင်းကုမ္ပဏီ FBTနှင့်ပြောင်း လဲဆွေးနွေးနေသည်ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ)ဦးစိုးမိုးကျော်ကပြောသည်။
မြန်မာ့လက်ရွေးစင်အသင်းမှာ Lotto နှင့်စာချုပ်ပြည့်သွားပြီးနောက်လက်ရှိအချိန်အထိစပွန်ဆာသစ် မရသေးပဲ အီတလီကုမ္ပဏီ Legea ၊ စပိန်ကုမ္ပဏီဂျိုမာတို့နှင့်ညှိုနှိုင်းခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
`ဂျိုမာနဲ့ဒီလထဲမှာ စာချုပ်ဖို့စီစဉ်ထားပေမယ့် ညှိုနှိုင်းမှုအဆင်မပြေတာကြောင့် မချုပ်ဖြစ်တော့ပါဘူး။ ကျွန်တော်တို့ဘက်ကတောင်းဆိုမှုကို သူတို့ကရာနှုန်းပြည့်မဖြည့်ဆည်းပေးနိုင်ဘူး။ စပွန်ဆာသစ် ရှာဖွေနေ ပါတယ်။ FBTနဲ့ချုပ်ဖြစ်ဖို့များပါတယ်။´ဟု ဦးစိုးမိုးကျော်ကပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့်လက်ရွေးစင်အသင်းဝတ်စုံစပွန်ဆာအတွက် ယခင်ကတည်းက ကမ်းလှမ်းမှုပြုလုပ်ထားသော ထိုင်းကုမ္ပဏီ FBT နှင့် စာချုပ်ချုပ်နိုင်ရန် အတွက်ဆွေးနွေးမှု များပြုလုပ်နေကာ ယခုလအတွင်း တရားဝင်စာချုပ်ဖွယ်ရှိနေသည်။
FBT ကုမ္ပဏီမှာ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများဖြစ်သော ရတနာပုံ၊ ကမ္ဘောဇ၊ဧရာဝတီအသင်းများကိုလည်း စပွန်ဆာပေးထားသည်။