ပုသိမ်၊ သြဂုတ် ၂၀ ။ ။ ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ်သန်း ၁၈၆၇၁.၂၇ ရှိပြီး ကျောင်းပေါင်း ၁၆၀၅ ကျောင်းပိတ်ထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘဏ္ဍာရေးဝန်ကြီးဦးဝင်းကိုကိုက ပြောသည်။
တိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုက `ပြန်လည်ထူထောင်ရေးအတွက် တိုင်းအစိုးရ လုပ်ဆောင်ပေးမှာပါ။ လယ်တွေပြန် စိုက်ဖို့ သင့်ပါမလား၊။ စိုက်ပျိုးရေ ရာသီဥတုကြည့်ရတော့မယ်။ အခု နစ်မြုပ်မှုမှာ ကွမ်းစိုက်သူတွေ အခြားသီးနှံစိုက် တောင်သူတွေအတွက်လည်း တိုင်းအစိုးရက ပြည်ထောင်စုအစိုးရကို တင်ပြထားတယ်´ဟု မဇ္ဈိမကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် လယ် ၃၀၈၈၄၂ ဧက နစ်မြုပ်ခဲ့ပြီး၊ လယ်မြေ ဧက ၆၈၀၀၀ ကျော် လုံးဝပျက်ဆီးခဲ့သည်။ ရေကြီးနစ်မြုပ်မှုကို တိုင်းအတွင်းရှိ မြို့နယ် ၁၉မြို့နယ်ရှိ အိမ်ထောင်စု တစ်သိန်းကျော်နှင့် လူဦးရေ လေးသိန်းကျော် ခံစားခဲ့ရသည်။
တိုင်းအစိုးရ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုက ``တချိုနေရာတွေမှာ ရေတွေပြန်ကျနေသလို၊တချိုမြို့တွေ ရေတက်နေတာလည်းရှိပါတယ်၊ပြန် လည် ထူထောင်ရေးကိုတော့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင့်ဖိုလုပ်နေတယ်၊လယ်ယာမြေတွေ ပြန် စိုက်ပျိုးနိုင်ဖို့လိုအပ်တယ်၊လယ်သမားတွေ စိုက်စရိတ်ပေးနိုင်အောင်တော့စီစဉ်နေပါတယ်´´ဟု မဇ္ဈိမကို ပြောသည်။
တိုင်းအစိုးရ အနေဖြင့် မျိုးစပါးများအား အခမဲ့ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း တိုင်းအစိုးရ ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။