ရန်ကုန်၊ သြဂုတ် ၁၉ ။ ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ပြိုင်နေသော မြဝတီအက်ဖ်စီ အသင်းသည် နိုင်ငံခြား ကစားသမားများခေါ်ယူသုံးစွဲ သွားမည်မဟုတ် သလိုနိုင်ငံခြား ကစားသမား မပါဘဲ လိဂ်-၁ သို့ တန်းတက်နိုင်အောင် ကြိုးပမ်းသွားမည်ဟု အသင်းအမှုဆောင်အရာရှိချုပ် ဦးမြတ် စိုးက မဇ္ဈိမကို ပြောသည်။
မြဝတီအသင်းသည် ၂၀၁၅ လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ၁၅ ပွဲကစားပြီးချိန်၌ ခြောက်ပွဲ နိုင်၊ သုံးပွဲ သရေ၊ ခြောက်ပွဲရှုံး ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေသည်။ မြဝတီအသင်း သည် အမှတ်ပေးဇယား ထိပ်ဆုံးမှ ဆောက်သမ်းအသင်းနှင့် အမှတ် ၂၀ ကွာဟနေသောကြောင့် ဘောလုံးရာသီကုန်တွင် တန်းတက်ရန် မျှော်လင့်ချက် လက်လွှတ်ခဲ့ရသည်။
၂၀၁၅ လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် GFA အသင်း၊ Horizon အသင်း၊ မောရဝတီ အသင်း၊ ဖုန်ဂန်အသင်းတို့မှာ နိုင်ငံခြားကစားသမားများ ထည့်သွင်းအသုံးပြုသော်လည်း မြဝတီအသင်း မှာပြည်တွင်းကစားသမားများဖြင့်သာ ယှဉ်ပြိုင် ကစားနေသည်။
“နိုင်ငံခြားနည်းပြကို အကြီးအကဲတွေက စီမံပေးဖို့ ရှိပါတယ်။နိုင်ငံခြားသားဘောလုံးသမား ကတော့ပြည်တွင်းဘောလုံး သမားတွေကိုမြေတောင်မြှောက် ချင်တယ်။မြန်မာ့ လက်ရွေးစင်ဘောလုံးသမားရွေး မယ်ဆိုရင် နိုင်ငံခြားသား မရွေးနိုင်ဘူးလေ။ အဲဒါကြောင့်မို့ အဓိက ပြည်တွင်း ဘောလုံးသမားစစ်စစ်ကို ရအောင်ပျိုးထောင်ပြီး လိဂ်-၁ ကို ရအောင်တက်မယ်။ မြန်မာ့ လက်ရွေးစင်တွေဖြစ်အောင်မွေးထုတ် မယ်”ဟု အသင်း အမှုဆောင်အရာရှိချုပ် ဦးမြတ်စိုးက မဇ္ဈိမကို ပြောသည်။
လက်ရှိအချိန်တွင် ၂၀၁၅ လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် လက်ကျန်ပွဲစဉ် သုံးပွဲ သာ ကျန်ရှိနေပြီးမြဝတီအသင်းသည် လက်ကျန်သုံးပွဲတွင် Best United အသင်း၊ GFA အသင်းနှင့်ငွေကြယ်ပွင့် အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။ မြဝတီအက်ဖ်စီသည် လိဂ်-၂ အမှတ်ပေးဘောလုံး ပြိုင်ပွဲတွင် ရလဒ်များဆိုးရွားကာ တန်းမတက်နိုင်သော်လည်း မြဝတီ ယူ ၁၉ အသင်းမှာမူ လိဂ်-၂ ယူ ၁၉ အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဖြစ်သည်အထိ အောင်မြင်မှုရခဲ့သည်။