တီယန်ကျင်းဆိပ်ကမ်း ပေါက်ကွဲမှုဖြစ်ပွားရာ ၀န်းကျင်မှ ဖယ်ရှားခံရသူများ ကလျော်ကြေးပေး ရန်တောင်းဆို

တီယန်ကျင်းဆိပ်ကမ်း ပေါက်ကွဲမှုဖြစ်ပွားရာ ၀န်းကျင်မှ ဖယ်ရှားခံရသူများ ကလျော်ကြေးပေး ရန်တောင်းဆို

တီယန်ကျင်း၊ သြဂုတ် - ၁၇ ။        ။ အာဏာပိုင်များ ကပေါက်ကွဲမှုဖြစ်ပွားရာနေရာတွင် အန္တရာယ်ရှိသော ဓာတ်ငွေ့များကို ရှင်းလင်းဖယ်ရှားရန် ကြိုးစားနေချိန်တွင် တရုတ် တီယန်ကျင်း ဆိပ်ကမ်းမြို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ဧရာမပေါက်ကွဲမှုကြီးကြောင့် နေရာမှ ဖယ်ရှားခံရသည့် ရာပေါင်းများစွာသော ဌာနေများက လျော်ကြေးပေးရန် တနင်္လာနေ့က တောာင်းဆိုခဲ့ကြသည်။

လွန်ခဲ့သည့်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုနှစ်ခုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၁၄ယောက်အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ လူပေါင်း ၇၀၀ကျော် ဒဏ်ရာ ရရှိခဲ့ပြီး ၇၀မှာ ပျောက်ဆုံးနေဆဲဖြစ်ကာ အများစုမှာ မီးသတ်သမားများဖြစ်သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုများကြောင့် ကြီးမားသော မီးလုံးကြီးများ ကောင်းကင်ထဲသို့ ထိုးတက်လာကာ မီးလောင်နေသည့် အပျက်အစီးအစများ ကမ္ဘာ့ ဒသမမြောက်အကြီးဆုံး ဆိပ်ကမ်း၏ စက်မှုဇုန်နေရာအနှံ့ သို့ ပြန့်ကျဲ သွားခဲ့ပြီး ကီလိုမီတာများစွာ အကွာအဝေးရှိ အဆောက်အအုံများကိုပင် လောင်ကျွမ်းကာ ပြတင်းမှန်များလည်း ကွဲကြေကုန်ကြသည်။

တနင်္လာနေ့ကလည်း နောက်ထပ် အသေးစားပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် မီးခိုးများ ရှင်းလင်းသွားသော်လည်း မီးတောက်မီးလျှံများကိုမူ မြင်နိုင်နေဆဲဖြစ်သည်ဟု ဆင်ဟွာက သတင်းပို့ခဲ့ သည်။

အန္တရာယ်ရှိသော ဓာတုပစ္စည်းများကိုကိုင်တွယ်ရာတွင် အထူးပြုကျွမ်းကျင်သည့် အဖွဲ့များက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာကိုရှင်းလင်းရန် ရုန်းကန်နေချိန်တွင် ပေါက်ကွဲသွားသည့် ဂိုဒေါင်ထဲတွင်သေစေနိုင် သည့် ဆိုဒီယမ် ဆိုက်ရာနိုက် အဆိပ်ဓာတုပစ္စည်း တန်ချိန် ၇၀၀ခန့် သိုလှောင်ထားခဲ့သည်ဟု တီယံကျင်း လက်ထောက်မြို့တော်ဝန် ဟီ ရှူရှန်းက အတည်ပြုပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် စိတ်ဓာတ်ပြင်းထန်နေသည့် ဆန့်ကျင်ကန့်ကွက်သူ ၂၀၀ခန့်က အာဏာပိုင်များ သတင်းစာရှင်းလင်းပွဲပြုလုပ်နေရာ ဟိုတယ်တစ်ခု၏ အပြင်ဘက်တွင် စုရုံးလာခဲ့ကြသည်။

‘ဒါဟာ ဆန္ဒပြနေတာမဟုတ်ပါဘူး။ အစိုးရက သတိထားမိလာအောင်လုပ်တာပါ။ အခုအချိန်အထိ သူတို့က ကျွန်တော်တို့ကို အသိအမှတ်မပြုသေးပါဘူး’’ ဟုပေါက်ကွဲရာနေရာ အနီးရှိနေအိမ်မှဖယ်ရှား ခံရသူ လီကျောင် ကပြောကြားခဲ့သည်။

လူပေါင်း ၁၅သန်းခန့်နေထိုင်ပြီး၊ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းသို့သွားရာ တံခါးမကြီးဖြစ်သည့် တီယန်ကျင်းရှိ ပေါက်ကွဲမှုဖြစ်ပွားရာနေရာ ဝန်းကျင်မှ လူပေါင်း ၆၃၀၀ခန့်ကို ၎င်းတို့၏နေအိမ်များ မှရွှေ့ပြောင်းပစ်ခဲ့ရသည်။

ဆန့်ကျင်သူများက အိမ်တွေပြန်ဝယ်ပေးဟု အော်ဟစ်ကာ အိမ်တွေ ပြန်ပြင်ပေးဖို့ တောင်းဆိုတယ်ဟူသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြပြီး ရဲနှင့် စစ်သားများက လူအုပ်ကို ဟိုတယ်အတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးထားသော်လည်း ပဋိပက္ခဖြစ်ပွားခဲ့ခြင်းတော့မရှိဟု သိရှိရသည်။

လီဟု မျိုးရိုးအမည်ရှိသည့် အခြားဆန့်ကျင်သူတစ်ဦးကလည်း ယခု ပေါက်ကွဲမှုဒဏ်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားသည့် တိုက်ခန်းကို ဝယ်ယူရန်အတွက် ချေးငွေ ယွမ် ၈၀၀၀၀၀ ထုတ်ထားခဲ့သည် ဟုပြောကြားသည်။ ပေါက်ကွဲမှုဖြစ်ပွားသည့်အချိန်အထိ ပြောင်းရွှေ့နေထိုင်ခြင်းမပြုရသေးကြောင့် ယခုအချိန်တွင်လည်း ရေရှည်ကျန်းမာရေးပြဿနာများ စိုးရိမ်စိတ်ကြောင့် ဘယ်တော့မှ ပြောင်းရွှေ့နေထိုင်ခြင်းပြုနိုင်လိမ့်မည်မဟုတ်တော့ကြောင်း လီက ပြောကြားသည်။

‘ဒီအိမ်တွေကို ဝယ်တဲ့လူအများစုက ကျွန်တော့်လို ကော်လာဖြူအလုပ်သမား လူငယ်တွေပါ။ ဒီငွေကြေးပမာဏဟာ ကျွန်တော်တို့အတွက် မနည်းပါဘူး’’ဟု လီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly