ရန်ကုန်၊ သြဂုတ် ၁၀ ။ ။ ရှုံးထွက်ဘောလုံးပွဲစဉ်များကြောင့် ခေတ္တရပ်နားထားသော အူရီးဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ပွဲစဉ်များကို ပြီးခဲ့သည့် သြဂုတ် ၈ ရက်နှင့် ၉ ရက်များက ပြန်လည်စတင်ခဲ့ပြီး ပွဲစဉ် ၁၄ တွင် ရန်ကုန်၊ ဧရာဝတီ၊ ကမ္ဘောဇနှင့် မနော မြေအသင်းတို့မှာ နိုင်ပွဲကိုယ်စီ ပြန်လည်ရရှိ ခဲ့သည်။
ပွဲစဉ် ၁၃ တွင် ဧရာဝတီအသင်းနှင့် သရေကျကာ နိုင်ပွဲရပ်တန့်ခဲ့သော ရန်ကုန်အသင်းသည် ပွဲစဉ် ၁၄ တွင် နေပြည်တော်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ဧရာဝတီအသင်းမှာလည်း ရခိုင်ယူနိုက် တက်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
အလားတူ ကမ္ဘောဇအသင်းမှာလည်း အိမ်ကွင်း၌ ချင်းယူနိုက်တက်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး မနော မြေအသင်းက ဇွဲကပင် အသင်း ကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆင့် ၁၀ နေရာတွင် ရပ်တည်နေသော မနောမြေ အသင်းသည် ဇွဲကပင်အသင်းကို အနိုင်ရခဲ့သည့် အတွက် တန်းဆင်းဇုန် အဆင့် ၁၁ နှင့် ၁၂ နေရာတို့မှာ ဟံသာဝတီ၊ ရခိုင်ယူနိုက်တက်အသင်းတို့နှင့် သုံးမှတ် ကွာဟခဲ့ပြီဖြစ် သည်။
၂၀၁၅ ဘောလုံးရာသီတွင် နိုင်ပွဲမရရှိသေးသော ဟံသာဝတီအသင်းသည် ပွဲစဉ် ၁၄ တွင် မကွေးအသင်းနှင့် ဂိုးမရှိ သရေကျခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းနှင့် ရမှတ်တူ အဆင့် ၁၁ နေရာတွင် ရပ်တည်နေ သည်။ မုံရွာကွင်းတွင် ကစားရန် စီစဉ်ထားသော ဇေယျာရွှေမြေအ သင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်မှာ ရေကြီးမှု ပြဿနာများကြောင့် အောက်တိုဘာ ၂၁ ရက်သို့ ရွှေ့ဆိုင်းထားသည်။
၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၄ ပွဲကစားပြီးချိန်တွင် ရန်ကုန်အသင်း က ၁၃ ပွဲ နိုင်၊ တစ်ပွဲ သရေ ရှုံးပွဲမရှိ ရမှတ် ၄၀ မှတ်ဖြင့် အမှတ်ပေးဇယားကိုဦးဆောင်နေပြီး ရာသီကုန်တွင် ချန်ပီယံ ဖြစ်ရန် အကောင်းဆုံး အနေအထားဖြစ်နေ သည်။
အမှတ်ပေးဇယား အဆင့် ၂ နှင့်အဆင့် ၃ နေရာများတွင် မကွေးအသင်းနှင့် ဧရာဝတီအသင်းတို့က ရမှတ် ၂၉ မှတ်စီဖြင့် ရပ်တည် နေပြီး အဆင့် ၄ နေရာတွင် ရတနာပုံအသင်းက ရမှတ် ၂၆ မှတ်ဖြင့် ရပ်တည်နေသည်။ အဆင့် ၅ နေရာတွင် ကမ္ဘောဇအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၆၊ ၇ နေရာများတွင် ချင်းယူနိုက်တက်အ သင်းနှင့် နေပြည်တော်အသင်းတို့က ရမှတ် ၁၅ မှတ်စီဖြင့် ရပ်တည် နေသည်။
အဆင့် ၈ နှင့် အဆင့် ၉ နေရာများတွင် ဇွဲကပင်အသင်းနှင့် ဇေယျာရွှေမြေအသင်းတို့က ရမှတ် ၁၄ မှတ်စီဖြင့် ရပ်တည်နေပြီး အဆင့် ၁၀ နေရာတွင် မနောမြေအသင်းက ရမှတ် ၁၁ မှတ်ဖြင့် ရပ်တည်နေ သည်။ တန်းဆင်းဇုန် အ ဆင့် ၁၁၊ ၁၂ နေရာများတွင် ၂၀၁၄ လိဂ်-၂ မှ တန်းတက်လာသော ဟံသာဝတီအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်း တို့က ရမှတ် ၈ မှတ်စီဖြင့် ရပ်တည်နေကြသည်။
၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၄ ရလဒ်များ
ရန်ကုန် ၃-၁ နေပြည်တော်
ရခိုင်ယူနိုက်တက် ဝ-၁ ဧရာဝတီ
မကွေး ဝ-၀ ဟံသာဝတီ
မနောမြေ ၂-၁ ဇွဲကပင်
ကမ္ဘောဇ ၃-၁ ချင်းယူနိုက်တက်