တိုင်ဖုန်းမုန်တိုင်း တရုတ်အရှေ့တောင်ပိုင်း ဝင်ရောက်၍ ရေကြီးမြေပြိုကာ လူ ၁၄ ဦးသေဆုံး

တိုင်ဖုန်းမုန်တိုင်း တရုတ်အရှေ့တောင်ပိုင်း ဝင်ရောက်၍ ရေကြီးမြေပြိုကာ လူ ၁၄ ဦးသေဆုံး

တရုတ်အရှေ့တောင်ပိုင်းတွင် အားပြင်းတိုင်ဖုန်းမုန်တိုင်းဝင်ရောက်ရာ ရေကြီးမြေပြိုမှုများဖြစ်ပြီး လူအနည်းဆုံး ၁၄ ဦးသေဆုံးသည်။

ဖုကျင်းနှင့် ရှီကျင်းပြည်နယ်များတွင် တိုင်ဖုန်းမုန်တိုင် ဆော်ဒီလာ သြဂုတ် ၈ ရက်က စတင်ဝင်ရောက်၍ ပြည်သူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာပြောင်းရွှေ့ရပြီး နေရာဧရိယာအများအပြား လျှပ်စစ်မီး ပြတ်တောက်နေသည်။

နှစ်ဆယ့်လေးနာရီအတွင်း မိုးရွာသွန်းမှုမှာ တစ်ချို့သော စီရင်စုများတွင် လက်မ ၂၇ လက်မအထိရှိပြီး နှစ်ပေါင်း ၁၂၀ ကျော်အတွင်း အဆိုးဝါးအပြင်းထန်ဆုံးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်းသည် အစောပိုင်းက ထိုင်ဝမ်ကျွန်းတွင် ဝင်ရောက်တိုက်ခတ်သွားခြင်းဖြစ်ပြီး ထိုင်ဝမ်ပြည်သူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ကာ ပျောက်ဆုံးလျက်ရှိနေသူများလည်း ရှိသည်။

ထိုင်ဝမ်တွင် ပြည်သူ သန်းဝက်ကျော် လျှပ်စစ်မီးများ ပြတ်တောက်နေဆဲဖြစ်ကြောင်း ထိုင်ဝမ်လျှပ်စစ်ဌာနက ပြောသည်။

ဆော်ဒီလာမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဦးတည်လာခြင်းကြောင့် လက်ရှိတွင် အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့လျက်ရှိနေပြီဖြစ်သည်။

ဖုကျင်းပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် သစ်ပင်ပေါင်း တစ်သောင်းကျော်ထက်မနည်း လဲပြိုပြီး ရေလွှမ်းမိုးမှုများလည်း ကျယ်ပြန့်စွာဖြစ်ပွားနေသည်။ ရထားလမ်းနှင့် လေကြောင်းလိုင်းများ ပိတ်ထားပြီး ကျောင်းနှင့် ရုံးများလည်း ပိတ်ထားရသည်။ 

ရှီကျင်းပြည်နယ်တောင်ပိုင်း ဝန်ကျို့အရပ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ကာ လူ ၁၂ ဦးသေဆုံးခဲ့ကြောင်း ဆင်ဝှာသတင်းဌာနက ပြောသည်။

နောက်ထပ်နှစ်ဦးမှာ လီရှုးဒေသတွင် သေဆုံးခြင်းဖြစ်ပြီး လေးဦးပျောက်ဆုံးလျက်ရှိသည်ဟု ဆင်ဝှာသတင်းတွင် ဖောြ်ပထားသည်။

ဒေသတစ်ဝန်း မုန်တိုင်းဘေးသင့် ပြည်သူ ၁ ဒသမ ၅၈ သန်းရှိပြီး ကောက်ပဲသီးနှံစိုက်ခင်းများနှင့် အိမ်ရာများ ပျက်စီးမှုပမာဏသည် ခန့်မှန်း ယွမ် ၄ ဘီလီယံနီးပါးရှိကြောင်း ဆင်ဟွာ သတင်းဖော်ပြချက်အရသိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly