KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၃၁ ရက် ညနေ ၃ နာရီခန့်က စ၍ လေကြောင်းမှ တိုက်ခိုက်နေကြောင်း လိုင်ဇာမြို့ခံများထံက သိရသည်။
ယနေ့ မြစ်ကြီးနား- ဗန်းမော်လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ ကန်တော်ယန် ( Gang Dau yang) အထိုင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုသို့ တိုက်ခိုက်နေခြင်းဖြစ်သည်။
" ခုနက လေယာဥ်ဗုံးက လိုင်ဇာမြို့အစပ်နားက အာလော့န်ဘွမ် ( Alen bum) တောင်ကုန်းဘက်ကို ကျတာ ဟုတ်တယ်" ဟု လိုင်ဇာဒေသခံ တဦးက ဆိုသည်။
စစ်ကောင်စီ လေယာဥ်ဖြင့် ဗုံးလာချကြောင်း ဒေသခံ အမျိုးသမီးတဦးကလည်း အတည်ပြုသည်။
ထို့ပြင် စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင်လည်း လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေသည့် ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မျှဝေနေကြသည်။
လက်ရှိ သတင်းရေးသားနေသည့် ညနေ ၄ နာရီအထိ လိုင်ဇာမြို့အနီး မုန်လိုင်ခက်ကျေးရွာ ဝန်းကျင်ကို ခရာဘွမ် စစ်ကောင်စီ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်သည်။
ထိခိုက်သေဆုံးမှုအခြေအနေများကို မဇ္ဈိမ၏ မြေပြင်သတင်းအဖွဲ့က ဆက်လက်စုံစမ်းနေဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ဗီဒီယို အပြည့်အစုံ ကြည့်ရှု့ရန် >>> https://youtube.com/shorts/GjMN4zvnNiU
ဗီဒီယိုအညွှန်း- လိုင်ဇာမြို့ကို ဗုံးကြဲနေကြောင်း စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် မျှဝေနေသည့် ဗီဒီယိုဖိုင် ( ထိုနေရာမှာ လိုင်ဇာမြို့ အစွန်အဖျားရှိ တောင်ယာစိုက်ခင်းနေရာများဖြစ်ကြောင်း မဇ္ဈိမ၏ မြေပြင်အဖွဲ့က အတည်ပြုသည်) (ဗီဒီယို- လူမှုကွန်ရက်)