မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကင်းရွာ နှင့် ကန်ကြီးရပ် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အသက်ခြောက်နှစ်ရွယ်ကလေးငယ်တဦး ၊ ဆယ်ကျော်သက်အရွယ် ကိုရင် နှစ်ဦး အပါအဝင် ငါးဦး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဘုန်းကံ ပျူရွာအတွင်းမှ ပစ်ခတ်လိုက်သည့် ၈၀မမ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကင်းရွာ ဒေသခံ ဦးစိုးတင်ဦး (၄၀ နှစ်)၊ ဒေါ်အေးဆင့် (၆၀ နှစ်) နှင့် ဦးစိုးတင်ဦး၏ ခြောက်နှစ်အရွယ် သမီးငယ်တို့ သေဆုံးခဲ့ကြောင်း ဒေသခံ တဦးက ပြောသည်။
၎င်းက “ ကင်းရွာက ကလေးက ခြောက်နှစ် ရှိသေးတာ။ သူ့အဖေက နေရာတင်ပွဲချင်းပြီး သေသွားတာ ကလေးကိုတော့ ဆေးရုံပို့သေးတယ်။ ဆေးရုံရောက်မှ သေတာ “ ဟု ပြောသည်။
ထို့ပြင် ကန်ကြီးရပ်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲ၍ ဆယ်ကျော်သက်အရွယ် ကိုရင်လေး နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဒေသခံတဦးက ဆိုသည်။
“ ကိုရင်လေးတွေက ဆယ်ကျော်သက်ကလေးတွေ ၁၂ နစ်၊ ၁၃ နှစ် အဲ့အရွယ်လေးတွေ နောက်ပြီးဘုန်းကြီးကျောင်းကို ရောက်နေတဲ့ ဒေသခံ ခြောက်ယောက်လောက်လည်း ဒဏ်ရာရတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ဘုန်းကံပျူရွာအတွင်းရှိ ပျူ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးအနားကျေးရွာများကို မကြာခဏ ဆိုသလို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ စစ်ကြောင်းလာပါက အခြားကျေးရွာများကို မီးရှို့ ရန် တိုက်တွန်းခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံက သိရသည်။
ယခုပစ်ခတ်မှု နှင့် ပတ်သက်၍ ဘုန်းကံပျူရွာမှ ပျူ နှင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အနေဖြင့် ပြန်လည် ပေးဆပ်ရမည် ဟု မြိုင်အခြေစိူက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
#လက်နက်ကြီးဖြင့်ပစ်ခတ်
#မြိုင်မြို့နယ်