အစ္စရေးသည် ဂါဇာအပေါ် အောက်တိုဘာ ၂၉ ရက်တွင် တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ပြီး ဂါဇာရှိ အရပ်သားပြည်သူများအနေဖြင့် အကူအညီများ တိုးမြှင့်ရရှိမည့် ဒေသတောင်ဘက်ပိုင်းသို့ ပြောင်းရွှေ့ထွက်ခွာကြရေး တောင်းဆိုထားသည်။ တချိန်တည်းမှာပင် “နာကျင်ဖွယ်ရာ” ထိခိုက်ခံစားရမှုများနှင့်ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက သတိပေးသည်။
ဟားမတ်စ် ထိန်းချုပ်သည့် နယ်မြေအတွင်း မြေပြင် စစ်ဆင်ရေးများကို အရှိန်မြှင့်ရင်း စစ်ပွဲသည် “ဒုတိယ အဆင့်” တခုထဲ ဝင်နေပြီဟု အစ္စရေးက ကြေညာခဲ့စဉ် ဂါဇာ၌ နောက်ထပ် အရပ်သားထောင်ချီ သေဆုံးရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးသည်။
ဟားမတ်စ်တို့က အောက်တိုဘာ ၇ ရက်တွင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား အများစု အပါအဝင် လူ ၁,၄၀၀ ခန့် သေဆုံးပြီး လူ ၂၃၀ ခန့် ဓားစာခံ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နောက်ပိုင်း အစ္စရေးသည် ဟားမတ်စ် ထိန်းချုပ်သော ဂါဇာကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုတို့ လုပ်ဆောင်ခဲ့သည်။
ယင်းအချိန်မှစ၍ ဂါဇာအပေါ် အစ္စရေး၏ မရပ်မနား တိုက်ခိုက်မှုများကြောင့် လူ ၈,၀၀၀ ကျော် သေဆုံးကြောင်းနှင့် သေဆုံးသူများအနက် ထက်ဝက်ခန့်မှာ ကလေးငယ်များ ဖြစ်ကြောင်း ဂါဇာရှိ ဟားမတ်စ် ထိန်းချုပ်သည့် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
“သည်းမခံနိုင်လောက်အောင် နာကျင်စရာကောင်းသည့် လယ်ဗယ်ရှိ လူသား ဆင်းရဲဒုက္ခ” များနှင့်ပတ်သက်ပြီး ထိတ်လန့်မိကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ မီအာဂျာနာ စပိုလ်ဂျာရစ်က အောက်တိုဘာ ၂၈ ရက်တွင် ပြောပြီး ပဋိပက္ခကို လျော့စဲစေအောင် လုပ်ဆောင်ရေး သက်ဆိုင်သူအားလုံးကို တိုက်တွန်းသွားသည်။
“ဒါဟာ ကမ္ဘာက သည်းခံလို့ မရနိုင်တဲ့ ကြီးမားလှတဲ့ ချွတ်ယွင်းမှု တခုဖြစ်တယ်”
လူဦးရေ ၂ ဒသမ ၄ သန်း နေထိုင်သည့် လူနေပြည့်သိပ်သော ဂါဇာဒေသတွင် အဆောက်အအုံထောင်ချီ ပြိုပျက်ထားခဲ့သလို လူဦးရေ ထက်ဝက်ကျော်သည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အစ္စရေးသည် အဆိုပါဒေသကို လုံးဝနီးပါး ဝိုင်းရံပိတ်ဆို့ထားသည်။