ကွယ်လွန်သွားပြီဖြစ်သည့် တောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးဂျုံ၏ ဇနီး လီဟီးဟို (၉၃နှစ်) မှာမြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ပုဂ္ဂိုလ်ရေး ဖိတ်ကြားချက် အရမြောက်ကိုရီးယား သို့လေးရက်တာခရီးစဉ် အလည်အပတ်ရောက်ရှိနေသည်။
ပါမောက္ခများနှင့် ပြည်လည်ပေါင်းစည်းရေးလိုလားသူ တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် ၁၈ယောက်ကိုယ်စားလှယ်အဖွဲ့လည်း သူမနှင့်အတူ လိုက်ပါလာသည်ဟု ဆိုသည်။
ကင်ဒေးဂျုံမှာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ရှေ့ရှုသည့် တောင်ကိုရီးယား၏ တက်ကြွေသော ရပ်တည်ချက်ကို ခေါင်းဆောင်လှုပ်ရှားခဲ့ပြီး ၂၀၀၀ခုနှစ် ဇွန်လက ကွယ်လွန်သွား ပြီဖြစ်သည့် ကင်ဂျုံအွန်၏ဖခင် ကင်ဂျုံအီးနှင့်လည်း တွေ့ဆုံခဲ့သူဖြစ်သည်။
လီမှာ ကင်ဂျုံအွန်နှင့် တွေ့ဆုံမည်လားဆိုသည်မှာ မသေချာမရေရာသော်လည်း ကိုရီးယားနှစ်နိုင်ငံစလုံးမျာ ဂျပန်လက်အောက်မှ လွတ်မြောက်သည့်နှစ် ၇၀ပြည့်အထိမ်းအမှတ်ကို ဆင်ယင်ကျင်းပနေ ကြသောကြောင့် လီ၏ အလည်အပတ်ခရီးကနှစ်နိုင်ငံကြားတင်းမာမှုကို ဖြေလျော့ပေးနိုင်ကောင်းသည်ဟု မျှော်လင့်နေကြသည်။
သို့ရာတွင် တောင်ကိုရီးယားအစိုးရကမူ လီမှာ သာမန်ပြည်သူအနေဖြင့်သာ သွားရောက်ခြင်းဖြစ်သောကြောင့် မည်သည့်တရားဝင်သတင်းစကားကိုမျှ သယ်ဆောင်သွားခြင်းမရှိဟု သတိပေးပြောကြားခဲ့ သည်။
လီမှာ ပြုံယမ်းရှိ ကလးဆေးရုံနှင့် ကလေးပြုစုပျိုးထောင်ရေးဂေဟာများသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်များအတွက် သီးသန့်ထားရှိသည့် ဧည့်ဂေဟာတစ်ခုတွင် တည်းခိုမည်ဖြစ်သည်။
လီမှာ ကင်ဂျုံအီးသေဆုံးစဉ်က ဝမ်းနည်းကြောင်း သတင်းစကားပါးရန် ၂၀၁၁ခုနှစ်က မြောက်ကိုရီးယားသို့ နောက်ဆုံး ရောက်ရှိခဲ့သည်။