မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် ဆက်ဆံရေးအတွက် အာဆီယံအဖွဲ့က အခက်တွေ့လျက် ရှိနေချိန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ အာဆီယံဥက္ကဋ္ဌ တာဝန်အား မြန်မာနိုင်ငံအစား တာဝန်ယူရန် အသင့်ရှိနေကြောင်း သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောသည်။
မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ၂၀၂၁ ခုနှစ်၌ စစ်တပ်က ဖြုတ်ချအာဏာသိမ်းကာ သဘောထားကွဲသူများအား သေစေအောင် ဖြိုခွင်းခြင်းများနောက် လူအသေအဆုံးများသော အကြမ်းဖက်မှုများ ဖြစ်ပွားနေသည်။
“၂၀၂၆ မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရဖို့ ဖိလစ်ပိုင်က အသင့်ရှိတယ်လို့ ကြေညာရတာ ကျွန်တော့်အတွက် ဝမ်းမြောက်စရာပါ”ဟု အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် အင်္ဂါနေ့က အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ခေါင်းဆောင်များသို့ မားကို့စ်က ပြောသည်။
“ကျွန်တော်တို့အနေနဲ့ စာမျက်နှာသစ် ဖွင့်လှစ်ခြင်းအဖြစ် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ အာဆီယံကို ပဲ့ကိုင်ပြုသွားဖို့ အသင့်ဖြစ်သွားမှာ ဖြစ်ပါတယ်”ဟု သမ္မတရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။
မြန်မာထံမှ ဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်က ဘာကြောင့် ရယူရသည်ဆိုခြင်းကိုမူ မားကို့စ်က မပြောပေ။
သို့ရာတွင် မြန်မာ့အကျပ်အတည်းက အဖွဲ့ကြီး၏ လုပ်ငန်းစဉ်ကို မနှောင့်ယှက်စေရန်အတွက် ယခု လုပ်ဆောင်ချက်အား ခေါင်းဆောင်များက သဘောတူကြခြင်း ဖြစ်ကြောင်း ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် အာဆီယံသံတမန်နှစ်ဦးက ပြောသည်။
“ဆုံးဖြတ်ပြီးပါပြီ၊ ဒါကို ခေါင်းဆောင်တွေ အစည်းအဝေးမှာလည်း ကြေညာထားပြီ၊ ပယ်ချတာမျိုး မရှိဘူး”ဟု သံတမန်တဦးက အမည်မဖော်ဘဲ ဆိုသည်။
အဆိုပါ နှစ်၌ ဥက္ကဋ္ဌနေရာကို လက်ခံရန် ဆန္ဒရှိမရှိအား အာဆီယံက ဖိလစ်ပိုင်အား ရေးသားမေးမြန်းခဲ့ခြင်း ဖြစ်ပြီး ဖိလစ်ပိုင်က လက်ခံခဲ့ခြင်းဖြစ်သည်ဟု ယင်းသံတမန်က ပြောသည်။
မြန်မာစစ်ကောင်စီက အများအားဖြင့် ဥပက္ခာပြုထားသော လွန်ခဲ့သော နှစ်နှစ်က သဘောတူထားသော ဘုံသဘောတူညီချက် ငါးရပ်အား “အကောင်အထည်ဖော်မှုအပေါ် ခေါင်းဆောင်များ၏ အကဲဖြတ်ခြင်း” နောက် ယခုကဲ့သို့ အာဆီယံဥက္ကဋ္ဌနေရာ ဖိလစ်ပိုင်က တာဝန်ယူမည်ကို သဘောတူလိုက်ကြခြင်း ဖြစ်ကြောင်း ဒုတိယသံတမန်ကလည်း အမည်မဖော်ဘဲ ပြောသည်။
လာမည့်နှစ် အာဆီယံထိပ်သီးအစည်းအဝေးကို လာအိုက အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး ၂၀၂၅ တွင် မလေးရှားက ဥက္ကဋ္ဌ တာဝန်ယူမည် ဖြစ်သည်။
(မိုးသဲ ဘာသာပြန်သည်။)