စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာ အဖြစ်များနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သြဂုတ်လ ၂၅ရက်တွင် သတင်းထုတ်ပြန်သည်။
အသက် ၁၀နှစ်အောက်ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာများဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အရေပြားအနာများပေါက်ကာ ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ ယားယံခြင်းဝေဒနာများ ခံစားနေရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ကလေးတွေမှာက ဦးခေါင်းနဲ့ မျက်စိ၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေပြားအနာပေါက်တာများပါတယ်။ နောက်ပြီးတော့ တခြား ပွေး၊ဝဲ၊ညှင်း ပေါက်တာတွေလည်းတွေ့ရပါတယ်။ ကလေးတစ်ယောက်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ အနာပေါက်နေတာပါ။ ကလေးတွေကို သောက်ဆေးနဲ့လိမ်းဆေးတွေ ပေးပြီးကုသပေးနေပါတယ်ဗျ။ တကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ အခုလိုအဖြစ်များနေတာပါ” ဟု ၎င်းတာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။
ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်စခန်းများမှ ဒေသခံများသည် စစ်ဘေးရှောင်နေရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရ၍ မိဘများက ကလေးများအား ဂရုမစိုက်နိုင်ခြင်း၊ ရေရှားခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ကလေးငယ် ဦးရေ ၂၀ကျော်သည် အရေပြားအနာပေါက်ရောဂါခံစားနေရ ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် အချို့ကလေးငယ်များတွင် သွေးလွန်တုတ်ကွေး၊ အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ၊ နားပြည်ယိုခြင်းများလည်း ရှိနေပြီး လူကြီးပိုင်းများတွင်မှုသွေးတိုးရောဂါ၊ ဆီးချိုရောဂါများ အဖြစ်များနေကြောင်း ယင်းအဖွဲ့ထံက သိရသည်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)သည် သြဂုတ်လ ဒုတိယပတ်အတွင်း အဆိုပါ စစ်ဘေးရှောင်စခန်းများ၌ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းဖြစ်ပြီး ဆေးဝါးလုံလုံလောက်လောက်မပေးနိုင်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“အခုလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါအခက်အခဲတခုက ဆီးချိုနဲ့သွေးတိုးရောဂါလို ရောဂါမျိုးအတွက် ဆေးလုံလုံလောက်လောက်မပေးနိုင်တဲ့ပြဿနာတွေရှိနေပါတယ်။တကယ့်မြေပြင်မှာ အခြေခံဆေးဝါးများ၊သွေးတိုးဆီးချိုရော ဂါဆိုင်ရာဆေးဝါးတွေအများအပြားလိုအပ်လျက် ရှိနေတာကိုတွေ့ရပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက ဆိုသည်။
ကန့်ဘလူခရိုင် ၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်ရှိ ဒေသခံ ၁၅,၀၀၀ကျော်သည် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် စစ်ရှောင်စခန်းများနှင့် နီးစပ်ရာတောတောင်ထဲတွင် တဲထိုးပြီး စစ်ရှောင်နေကြရဆဲဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ထံက သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး