ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်ရှိ ရန်ကြီးအောင် ဘုန်းတော်ကြီးကျောင်းတွင် ဘုန်းကြီးနှစ်ပါး စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်က ရန်ကြီးအောင်ဘုန်းကြီးကျောင်းအိပ်ဆောင်၌ ဘုန်းကြီးသုံးပါး အတူရှိနေစဉ် သက်တော် ၅၈ နှစ်ရှိဘုန်းကြီးက သက်တော် ၅၆ နှစ်ရှိဘုန်ကြီးအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ် သည်ဟု ဒေသခံတဦးကပြောသည်။
အဆိုပါ ဘုန်းကြီးနှစ်ပါးသည် သြဂုတ်လ ၂၂ ရက်နေ့ ညပိုင်းက အိပ်ဆောင်ပေါ်၌ စကားများရန်ဖြစ်ခဲ့ကြ ပြီး သြဂုတ်လ ၂၃ ရက်နေ့နံနက် အာရုံဆွမ်းစားပြီးချိန်၌ ထပ်မံစကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။
ဓားဖြင့်ခုတ်သည့် ဘုန်းကြီးမှာ ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)ဖြစ်ပြီး အခုတ်ခံရသည့်ဘုန်းကြီးမှာ ဦးဝိမလ (လူအမည် ဦးလှသိန်း)ဖြစ်ကြောင်း သိရသည်။
“၂၂ ရက်နေ့က စကားများရန်ဖြစ်ထားတာကို အခဲမကျေလို့ ၂၃ ရက်နေ့မှာ ထပ်ဖြစ်တာပါ။ သက်တော် ၅၈ နှစ်ရှိတဲ့ဘုန်းကြီးက ထင်းခွဲတဲ့ဓားနဲ့ခုတ်တာ ခြောက်ချက်လောက်ထိသွားတယ်၊ စိုးရိမ်ရတယ်လို့ သိရ တယ်” ဟု ဒေသခံက ပြောသည်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲများရောက်ရှိလာပြီး ဓားခုတ်မှုကျူးလွန်သည့် ဘုန်းကြီးဦးဝိမလ(လူအမည် ဦးဝင်းနိုင်)အား လူဝတ်လဲကာဖမ်းဆီးခေါ်ဆောင်သွားကာ ဒဏ်ရာရသည့် ဘုန်းကြီးအား ဟင်္သာတဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
ဓားခုတ်မှုကျူးလွန်သည့် ဘုန်းကြီး ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)အား ဟင်္သာတမြို့မရဲစခန်း၌ ဖမ်းဆီး ထားသည်ဟုသိရပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီး စပ်သူများက ပြောသည်။
စာတည်း။ ။စောဖေ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation