၁၉၈၀ ပြည့်လွန်နှစ်များက “Prisoner: Cell Block H” နှင့် “Home and Away” ရုပ်သံဇာတ်လမ်းတွဲများတွင် သရုပ်ဆောင်ခဲ့သည့် သြစတြေးလျ ရုပ်ရှင်မင်းသမီးကြီး မက်ဂီခရစ်ပက်ထရစ်ခ် သည် ကလေးလိင်စော်ကားမှှုနှင့် ပတ်သက်သော စွဲချက်များကို ရင်ဆိုင်နေရသည်။
ယခုအခါတွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ရုပ်ရှင်မင်းသမီးကြီးက ထိုစွဲချက် နှစ်ခုစလုံးကို ငြင်းဆန်ပယ်ချထားသည်။ စွဲချက်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှှုဖြစ်ပြီး နောက်ထပ်စွဲချက်မှာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာစေမှှုဖြစ်ကြောင်း သြစတြေးလျ၏ Herald Sun သတင်းဌာနက ဖော်ပြခဲ့သည်။
စွဲချက်များအရဆိုလျှင် ထိုဖြစ်ရပ်မှာ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ထိုစဉ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံထားရသည်။
ရုပ်ရှင်မင်းသမီးကြီးကမူ သူ့တွင် အပြစ်မရှိကြောင်းဆိုကာ သူ၏ နာမည်အတွက် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း Herald Sun သတင်းဌာနကို ပြောသည်။
“အဲဒီ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်ကို ချေဖျက်နိုင်ဖို့အတွက် တရားရုံးကို ကျွန်မ သွားရပါမယ်” ဟု ၎င်းက ပြောသည်။ “စွပ်စွဲချက်တွေဟာ ကျွန်မရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျစေပါတယ်။ အဲဒီ စွပ်စွဲချက်တွေဟာ အမှန်လားဆိုရင်တော့ လုံးဝ မမှန်ပါဘူး” ဟုလည်း ၎င်းက ပြောသည်။
“အထောက်အထားတွေကို တရားရုံးမှာ ပြရမှာပါ။ အခုအချိန်မှာတော့ ဒီထက်ပိုပြီး ပြောသင့် တယ်လို့ ကျွန်မ မထင်ပါဘူး” ဟု ၎င်းက ဆိုသည်။ မစ္စ ခရစ်ပက်ထရစ်ခ် သည် သြဂုတ်လ ၁၉ ရက်တွင် မဲလ်ဘုန်း ရာဇဝတ်မှှုဆိုင်ရာ တရားရုံးသို့ သွားရောက်မည်ဖြစ်သည်။ မင်းသမီးကြီး ခရစ်ပက်ထရစ်ခ် သည် “Prisoner: Cell Block H” ရုပ်သံဇာတ်လမ်းထဲတွင် ယောက်ျားလျာ ထောင်အရာရှိ တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သည်။
Ref: BBC