မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းပဲတန်းလမ်းက ကိုလိုနီခေတ် ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်းလို့ လူသိများတဲ့ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းဟာ ယမန်နေ့ညနက်ပိုင်းမှာ မီးလောင်သွားခဲ့ပါတယ်။
ကျောင်းဝင်းထဲက ပင်မအဆောင်ဖြစ်တဲ့ ဦးသာညှင်းကျောင်းဆောင်ဟာ ဩဂုတ်လ ၃ ရက်နေ့ ည ၁၂လောက်မှာ ကျောင်းအုပ်ကြီးရုံးခန်းက မီးစတင်လောင်ကျွမ်းတာကနေ ကူးစက်ခဲ့တာဖြစ်ပြီး မနက် ၃နာရီလောက်မှာမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါ့ဆမီးကြောင့်လို့ ဒေသခံတွေကပြောပြီး မီးလောင်ကျွမ်းရခြင်း အကြောင်းအရာအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာ ကျောင်းကို ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
အမှတ်(၉) မော်လမြိုင် အထက်တန်းကျောင်းဟာ ကိုလိုနီခေတ် ၁၈၉၉ ခုနှစ်ကတည်းက အမျိုးသားအထက်တန်းကျောင်းအဖြစ် တည်ဆောက်ခဲ့တဲ့ ကျောင်းဆောင်ကြီးဖြစ်ပါတယ်။နှစ်ပေါင်း ၁၂၄နှစ်ရှိပြီဖြစ်တဲ့ မြို့အမွေအနှစ်တခုဖြစ်တာကြောင့် အခုလို မီးလောင်ပျက်စီးသွားရတဲ့အတွက် မြို့နေလူထုက နှမြောတသသဖြစ်နေကြပါတယ်။