နယူးဒေလီ၊ ဇူလိုင်-၂၈ ။ ။ အိန္ဒိယ၏ နျူကလီးယားစွမ်းရည်ကို အတိုင်းထက်အလွန် မြှင့်တင်ခဲ့သူတစ်ယောက်အဖြစ်ဖော်ပြရင်း နိုင်ငံ၏ အဏုမြူနှင့် အာကာသအစီအစဉ်တွင် ဒုံးပျံလူသား အေပီဂျေ အဗ္ဗဒူကလမ်၏ ထည့်ဝင်မှုကို အမေရိကန်မီဒီယာများက မီးမောင်းထိုးပြခဲ့သည်။
အောက်တိုဘာလတွင် အသက်၈၄နှစ်ပြည့်မည်ဖြစ်သည့် ကလမ်မှာ ဇူလိုင်လ ၂၇ရက်နေ့က IIM Shillong ်တွင် မိန့်ခွန်းပြောကြားနေစဉ် နှလုံးဖောက်၍ သေဆုံးသွားခဲ့သောကြောင့် အိန္ဒိယတစ်နိုင်ငံလုံး ယူကြုံးမရ အပူလုံးကြွခဲ့ကြရသည်။
‘ကလမ်ဟာ အိန္ဒိယရဲ့ နျူကလီးယားအစီအစဉ်ကို အတိုင်းထက်အလွန် မြှင့်တင်ပေးခဲ့သူတစ်ဦးပါ’’ဟု နယူးယောက်တိုင်းသတင်းစာကြီးက ကလမ်အတွက် ရှားရှားပါးပါး နာရေးကြော်ညာကဏ္ဍ တွင်ရေးသားခဲ့သည်။
‘သူဟာ လူထုစိတ်ဝင်စားမှုကို အသုံးပြုပြီး အိန္ဒိယနိုင်ငံကို စစ်အင်အားတည်ဆောက်ဖို့၊ ပြည်ပအင်အားစုတွေရဲ့ လွှမ်းမိုးခြိမ်းခြောက်မှုက လွတ်မြောက်ဖို့ တိုက်တွန်းခဲ့ပါတယ်’’ဟုလည်း နယူးယောက် တိုင်းက ရေးသားခဲ့သည်။
တိုင်းမ်သတင်းစာကြီးကမူ ကလမ်မှာ အိန္ဒိယပြင်ပတွင် မဆိုစလောက်အချိန်အနည်းငယ်သာ နေထိုင်ဖူးသူဟု ရေးသားသည်။ ‘သူ့အတွက်တော့ အိန္ဒိယနိုင်ငံဟာ နိုင်ငံခြားအင်အားကြီးတွေရဲ့ အကူအညီမ ရယူဘဲ ကိုယ်ပိုင် နျူကလီးယားဗုံးကို တည်ဆောက်နိုင်တာ ဂုဏ်ယူစရာပါ။ သူ့ကိုယ်သူလည်း အိန္ဒိယနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူသူပါ’’ဟု တိုင်းမ်သတင်းစာကြီးက ရေးသားထားသည်။
ကလမ်မှာ နိုင်ငံ၏ ပထမဆုံး ဂြိုဟ်တုကို တည်ဆောက်ရာတွင် ကူညီခဲ့သည့်အတွက်လည်း ဂုဏ်ပြုထိုက်သူပင်ဖြစ်သည်။ ၁၉၈၀ခုနှစ်များတွင် ကလမ်က နျူကလီးယားစွမ်းရည်ရှိ ပရစ်ဗီနှင့် အဂ္ဂနီ ပဲ့ထိန်း ဒုံးကျည်များကို ကူညီဒီဇိုင်းထုတ်ခဲ့သည်ဟုလည်း ဝါရှင်တန်ပို့စ်သတင်းစာတွင် ရေးသားထားသည်။
‘သူဟာ ၁၉၉၈ခုနှစ်မှာ နျူကလီးယားလက်နက်တွေ စမ်းသပ်တဲ့အခါမှာလည်း အဆုံးအဖြတ်ကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ ဒီစမ်းသပ်မှုကြောင့် နိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့တာတွေ ရှိခဲ့ပေမယ့်လည်း မစ္စတာ ကလမ်ကတော့ သူ့နိုင်ငံရဲ့ အမျိုးသားသူရဲကောင်းအဆင့်အတန်းကို ရောက်လာခဲ့တယ်’’ဟု ဝါရှင်တန်ပို့စ်က နာရေးကဏ္ဍတွင် ရေးသားခဲ့သည်။
‘ကလမ်ဟာ သမ္မတရာထူးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ပထမဆုံးသိပ္ပံပညာရှင်ဖြစ်ပြီး နိုင်ငံရေး အထင်ကရပြယုဂ်တစ်ခုအဖြစ်လည်း နိုင်ငံက သတ်မှတ်ကြည်ညိုကြပါတယ်’’ဟုလည်း စီအင်အင် သတင်း ဌာနကြီးက ပြောကြားသွားခဲ့သည်။