တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သည့် ကန်ခေါင်းရပ်ကွက်တွင် ယနေ့ ဇွန်လ ၂၉ ရက်၌ ကျရောက်သည့် ကုရ်ဘာနီ အီးဒ်ပွဲတော် ကျင်းပသူ အချို့အား စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း မြို့ခံများထံက သိရသည်။
အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ထိုပွဲတော် ပြုလုပ်သူများအား နေအိမ်၌ နွားသတ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ဒေသခံ ငါးဦးဝန်းကျင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကန်ခေါင်းရပ်ကွက်နေ ဒေသခံ တစ်ဦးက “အဓိက ကတော့ အီးဒ်နေ့မှာ သတ်တဲ့ နွားတွေကို ဗလီမှာပဲ သတ်ခွင့်ပေးထားတာကနေ နေရာ အခက်အခဲကြောင့် အိမ်မှာ သတ်လို့ ဆိုပြီး လာဖမ်းသွားတာ ဖြစ်တယ်”ဟု ပြောသည်။
ထို့ပြင် စစ်ကောင်စီက ကန်ခေါင်းရပ်ကွက် အပြင် စျေးတန်းနှင့် ပါရမီရပ်ကွက်တို့တွင်လည်း ရှာဖွေ ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံက သိရ သည်။
“ဖမ်းခံရတာက လေး၊ ငါးဦးလောက် ပါသွားတယ် သိရတယ်။ ဘယ်ကို ဖမ်းသွားတယ် ဆိုတာ မသိရဘူး။ ဖမ်းခံရတဲ့ အချိန်မှာ လူရော နွားပါ ဖမ်းသွားတယ် ။လုပ်ထုံးလုပ်နည်းအရတော့ အိမ်တွေမှာ နွားသတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ပလီနဲ့ နီးတဲ့ အိမ်တွေမှာက လုပ်နေကြပါ။ ဒီနှစ်မှ ဒီလိုလုပ်တာပါ” လို့ စျေးတန်း ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြော သည်။
လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ငွေတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ငွေညှစ်ခံရ သူများကို စစ်ကောင်စီက ပြန်လည် လွှတ်ပေးခြင်း ရှိ၊ မရှိကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး