ပြာလွင်လွင်ပင်လယ်ပြင်ကြီးဘေး၌ မေးတင်ထားသော တနင်္သာရီတိုင်းထဲမှ လှပသည့် ကမ်းခြေမြို့လေး၏ ကတ္တရာလမ်းမထက်တွင် အနီရင့်ရောင်အစုအဖွဲ့တစ်ခုက ယနေ့ ဇွန်လ ၁၉ ရက်နေရာယူသွားခဲ့သည်။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈) နှစ်မြောက်မွေးနေ့ပွဲအထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုကို ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် မြို့ခံလူထုက ယနေ့ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“တကယ့် အကျဉ်းထောင်ဟာ ကြောက်ရွံ့မှုဖြစ်ပြီး စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ ကြောက်ရွံ့မှု ကင်းမဲ့ခြင်း ဖြစ်တယ်”ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ အဆိုအမိန့်ကို ကိုင်ဆွဲကာ လူထုသပိတ်ကို ပုံဖော်ခဲ့ကြသည်။
အနီရင့်ရောင်အင်္ကျီများ ဆင်တူဝတ်ဆင်ထားကြသော အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူအများအပြားက ခြေလျင်ရော၊ ဆိုင်ကယ်များဖြင့်ပါ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီက ယခင်ကထက်ပို၍ ဖိနှိပ်နေသည့်ကြားမှ ဒေသတွင်း ကတ္တရာလမ်းမထက်တွင် အနီရင့်ရောင်များ လွှမ်းခြုံခဲ့သော အဆိုပါ လူထုသပိတ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ယနေ့ လူထုသပိတ်ကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
" အမေစု သက်ရှည်ကျန်းမာပါစေ" ဟု ဆုတောင်းစာသားရေးထိုးထားသည့် မွေးနေ့ကိတ်ဖြင့် ယနေ့ အသက် (၇၈)နှစ်ပြည့်ခဲ့ပြီဖြစ်သည့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မွေးနေ့ဆုတောင်းခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က နိုင်ငံတော် အာဏာသိမ်းပြီးချိန်မှစ၍ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ယနေ့ ကျရောက်သော သူမ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်သူများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများက မွေးနေ့ပွဲအခမ်းအနားများကို ပုံစံမျိုးစုံဖြင့်ပြုလုပ်နေကြသည်။
စာတည်း - မောင်ကြီး
#(၇၈)နှစ်မြောက်မွေးနေ့