မန္တလေးမြို့အတွင်း ပြေးဆွဲနေသည့် သုံးဘီးအငှားယာဉ်(မီနီအိုးဝေ)များကို အဝါရောင်ဆေး ပြောင်းသုတ်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည့်အ ပေါ် ကုန်ကျစာရိတ်များနေသဖြင့် အခက်ကြုံနေရသည်ဟု မီနီအိုးဝေယာဉ်ပိုင်ရှင်နှင့် အငှားယာဉ်မောင်းများထံက သိရသည်။
ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထားကာ အဝါရောင်တစ်မျိုးတည်းသို့ မဖြစ်မနေ ပြောင်းလဲရမည်ဟုမန္တလေးတိုင်း ယာဉ်လုပ်ငန်း ကြီးကြပ်ရေးလုပ်ငန်းကော်မတီ(မြို့တွင်း)က မတ်လ ၅ ရက်တွင် အသိပေးကြေညာထားသည်။
ထိုကြေညာချက်ကြောင့် ကုန်ကျစရိတ်တတ်နိုင်သူတချို့က ဆေးရောင်ပြောင်းလဲခဲ့ကြသော်လည်း အများစုက လတ်တလောရင်ဆိုင်နေရသည့် စီးပွားရေးကြပ်တည်းမှုကြောင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အခုအထိမလုပ်နိုင်သေးဘူး။ ကြေညာချက်ထွက်ခါစက ဆေးမှုတ်ခ ၁၀၀,၀၀၀ ၀န်းကျင်ပဲရှိတယ်၊ အခု ဆေးမှုတ်ခ ၂၅၀,၀၀၀ ၀န်းကျင်ဖြစ်သွားပြီ။ သက်တမ်းတိုးခရော ဆေးအရောင်ပြောင်းလဲခရောဆိုရင် ခုနစ်သိန်း၀န်းကျင် ကုန်ကျစရိတ်ရှိတယ်၊ အများစုက မတတ်နိုင်ကြဘူး၊ ကျွန်တော်ဆို အုံနာကြေးနဲ့မောင်းနေတာ” ဟု အငှားယာဉ်မောင်းဘဝဖြင့် ငါးနှစ်ကျော် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
သုံးဘီးအငှားယာဉ်(မီနီအိုးဝေ) မောင်းသူအများစုက အုံနာခပေးပြီး မောင်းသူနှင့် အချို့မှာ အရစ်ကျ ၀ယ်ယူထားသူများဖြစ်သည်ဟုလည်း သိရသည်။
“ဆေးရောင်ပြောင်းခိုင်းတဲ့ကိစ္စ ပယ်ဖျက်ပေးဖို့ ဒါမှမဟုတ်လည်း အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ပေးဖို့ သက်ဆိုင်ရာတွေကို အသနားခံစာတင်ဖို့ လုပ်နေကြတယ်” ဟု ယာဉ်ပိုင်ရှင်တစ် ဦးကပြောသည်။
မန္တလေးတိုင်း ယာဉ်လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ(မြို့တွင်း)က ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး မဖြစ်မနေ ဆေးအရောင် ပြောင်းကြရန်နှင့် သတ်မှတ်ရက်အတွင်း အပြီးအစီး ဆောင်ရွက်ထားရှိခြင်းမရှိသည့် ယာဉ်များအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ လုပ်ငန်းလိုင်စင် ရပ်စဲ သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
ဆေးအရောင်ပြောင်းလဲခြင်းအတွက် ဆေးဘော်ဒီရုံသို့ ဆေးမှုတ်ခ ၂၅၀,၀၀၀ ကျပ်နှင့် ကညန(ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန) သို့ ဆေးပြောင်းလဲခြင်းအတွက်ပေးဆောင်ကြေး ၆၀,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်၀န်းကျင်ရှိကြောင်း၊ ယာဉ်သက်တမ်းတိုးခ ကျပ် ၂၅၀,၀၀၀ နှင့် ကျပ် ၃၀၀,၀၀၀ ကြားရှိကြောင်း၊ အထွေထွေစရိတ်ဖြင့်ပါဆိုလျှင် ၇၀၀,၀၀၀ ကျပ်၀န်းကျင်ရှိကြောင်းသိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး