ဖမ်းဆီးစစ်ဆေးနေစဉ် ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ကြပ်အား ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း ဟိုပင်အခြေစိုက် KPDF အဖွဲ့ထံမှ သိရသည်။
ဇွန်လ ၃ ရက်နေ့က ကချင်ပြည်နယ်၊ ဟိုပင်မြို့ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကိုဆိုသူမှာ အခွန် ကောက်ပြီးပြန်လာစဥ် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
ဟိုပင်အခြေစိုက် KIA/PDF ၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ဆေးမှုပြုလုပ်နေစဥ် ထွက်ပြေးခဲ့ရာမှ KPDF အဖွဲ့က ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ ဦးခေါင်းကိုထိမှန်ခဲ့သည့်အတွက် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသည့် နယ်ထိန်းရဲတပ်ကြပ်ဝင်းကိုကိုမှာ နာမည်ဆိုးဖြင့်ကျော်ကြားနေသူဖြစ်ပြီး ဟိုပင်မြို့မှ နှစ်လုံးထီရောင်းသူများ၊ အရက်ရောင်းသူများ၊ အနှိပ်ခန်းဖွင့်သူများထံမှ လစဥ်ကြေးပုံမှန်ရယူပြီး အထက် အရာရှိအဆင့်ဆင့်ကိုပေးကမ်းနေသူဖြစ်သလို နွေဦးတော်လှန်ရေးတွင်ပါဝင်ပတ်သက်နေသူများကို စုံစမ်း နေသူဖြစ်၍ အထက်အရာရှိများ၏ မျက်နှာသာပေးခြင်းခံရသည့် နယ်ထိန်းရဲတစ်ဦးဖြစ်ကြောင်း သိရ သည်။
၎င်းဦးဆောင်ကာဖမ်းဆီးခဲ့သည့် ဟိုပင်မြို့မှလူငယ်များစွာမှာ ခလရ (၄၀) စစ်ကြောရေး၌ စစ်ဆေးခံနေ ရသလို လူငယ်အချို့ကျဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။
သေဆုံးသွားသော နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို၏အလောင်းကို တောစပ်တနေရာတွင်မြှုပ်နှံခဲ့ကြောင်း KPDF အဖွဲ့က အတည်ပြုပြောကြားသည်။
Photo - ဟိုပင်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ်ဝင်းကိုကို
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ