ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် စန်ခလာဘူရီ ခရိုင်တွင် မေလ ၃၁ ရက် ညပိုင်းက တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီး တိမ်းမှောက်ပြီးနောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးပြီး အခြား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ ရွှေ့ပြောင်းလုပ်သားများကို မှောင်ခိုပို့ဆောင်သည့် ပစ်ကပ်ထရပ်ကား သုံးစီးအနက် တစ်စီး၏ ဝင်တိုက်မှုကြောင့် ထိုင်းရဲတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထိုင်းစစ်သားများ၊ ရဲများနှင့် ဒေသတာဝန်ရှိသူများ ပါသည့် ပူးပေါင်းအဖွဲ့တစ်ခုသည် ယမန်နေ့ည ၁၀ နာရီခန့်က နုန်လူ ခရိုင်ခွဲ ကျေးရွာတစ်ခုရှိ လမ်းတစ်လမ်းတွင် အရှိန်မြင့် မောင်းလာသော မသင်္ကာဖွယ် ပစ်ကပ်ထရပ်ကား သုံးစီးကို တွေ့ရှိခဲ့သည်။
ယင်းနောက် ထိုကားများကို ရှာဖွေစစ်ဆေးရန် ထိုင်းတာဝန်ရှိသူများက ရပ်တန့်ခိုင်းခဲ့သော်လည်း ကားမောင်းသူများက ရပ်မပေးဘဲ အရှိန်မြှင့်ကာ မောင်းပြေးခဲ့ကြသည်။ ကားတစ်စီးနှင့် တိုက်မိမှုကြောင့် စန်ခလာဘူရီ ရဲစခန်းမှ ရဲအရာရှိ ပတ်သီဖန် ယာဝမ် ထိခိုက်ဒဏ်ရာရသွား၍ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
ယင်းနောက်တွင် နုန်လူခရိုင်ခွဲရှိ လမ်းဘေးမြောင်းတစ်ခုတွင် ပစ်ကပ်ထရပ်ကားတစ်စီး တိမ်းမှောက်နေကြောင်း ထိုင်းပူးပေါင်းအဖွဲ့က သတင်းရရှိခဲ့သည်။
ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် တိမ်းမှောက်နေသော ကားမှာ ရွှေ့ပြောင်းများကို မှောင်ခိုပို့ဆောင်ရာတွင် ပါဝင်သည့် ကားသုံးစီးအနက် တစ်စီးဖြစ်နေသည်ကို ထိုင်းတာဝန်ရှိသူများ တွေ့ရှိခဲ့သည်။ ကားအပျက်အစီးကြားမှ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့သည်။
ယင်းနောက် ထိုင်းပူးပေါင်းအဖွဲ့က ဧရိယာတစ်ဝိုက် ရှာဖွေစစ်ဆေးရာ အနီးအနား တောအုပ်တစ်ခုတွင် ပုန်းအောင်းနေသည့် လူတစ်စုကို တွေ့ရှိခဲ့သည်။ အားလုံးသည် မြန်မာနိုင်ငံမှ လာသော တရားမဝင် ရွှေ့ပြောင်းများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ၎င်းတို့မှာ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြသည်။ ကားမှောက်မှုကြောင့် သေဆုံးသူမှာ မြန်မာနိုင်ငံမှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ယင်းနောက် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ဥပဒေအရ ဆောင်ရွက်ရန် စန်ခလာဘူရီရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။
One illegal migrant killed, 10 others arrested after pickup truck overturns
Please credit and share this article with others using this link:https://www.bangkokpost.com/thailand/general/2583090/. View our policies at http://goo.gl/9HgTd and http://goo.gl/ou6Ip. © Bangkok Post PCL. All rights reserved.