မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အများပြည်သူသွားလာနေသည့် ကျေးရွာချင်းဆက်လမ်းကို ဘက်ဟိုးဖြင့်ဖျက်ဆီးရန် ရောက်လာသည့် စစ်ကောင်စီတပ်အား KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်ည ၈ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ ကျောက်ပုံကြီးကွင်းလမ်းကို ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
" ကျောက်ပုံကြီးကွင်းလမ်းဆုံက ဓါတ်မီးတိုင်နဲ့ ပေ ၁၀၀ ဝန်းကျင်ပေါ့နော်။ အဲ့ဒီလောက်အထိကို သွေးကွက်တွေ၊သွေးစက်တွေတွေ့ရတယ်။ ရန်သူဘက်မှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ယူဆပါတယ်။ အတိအကျတော့ စုံစမ်းနေဆဲပါ" ဟု ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
တိုက်ခိုက်ခံရသည့် စစ်ကြောင်းတွင် အင်အား ၆၀ ခန့်ပါပြီး ကျောက်ပုံကြီးကွင်းအရောက်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။စစ်ကောင်စီတပ်က ဘက်ဟိုးတစ်စီးအား တွဲကားပေါ်တင်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
တိုက်ခိုက်ခံရပြီးနောက် လမ်းအားမဖျက်ဆီးနိုင်ဘဲ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်က ကျောက်ပုံကြီးကွင်းလမ်းဆုံရှိ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ လုံခြုံရေးစစ်ဆေးရေးဂိတ်ကို ဖျက်ဆီးသွားကြောင်းပူးပေါင်းတပ်ဖွဲ့က ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ပုံကြီးကွင်းအနီးတစ်ဝိုက်ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ည ၁၁ နာရီဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်ခွံများနှင့် အထိုင်ချ ပစ်ခတ်ထားသောနေရာအချို့တွေ့ရကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
စစ်ကောင်စီတပ်သည် လတ်တလောတွင် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်အတွင်း စစ်ရေးအရ အထိနာနေသော ဒေသများတွင် အများပြည်သူသွားလာနေသည့် ကျေးရွာချင်းဆက်လမ်းများကို လိုက်လံဖျက်ဆီးနေသည်။ ယခင်ကလည်း စစ်ကိုင်းတိုင်းမှ ကျေးရွာချင်းဆက်လမ်းအချို့နှင့် မြို့ချင်းဆက်လမ်းအချို့ကို ဖျက်ဆီးခဲ့ဖူးသည်။
ကျိုက်ထိုမြို့နယ်တွင် မေလ ၁၉ရက်မှ မေလ၂၄ရက်အတွင်း ရွာချင်းဆက်လမ်းခြောက်လမ်းကို စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးသွားသည်ဟု သိရသည်။ ပထမဆုံးအဖျက်ခံရသောလမ်းမှာ ကင်မွန်းစခန်းကျေးရွာ (ကဒတ်ချောင်း) နှင့် ဆောင်နိုင်ကြီးကျေးရွာရွာချင်းဆက်လမ်းဖြစ်ပြီး နောက်ဆုံးဖျက်ဆီးခံခဲ့ရသောလမ်းမှာ လှည်းလမ်းကူးကျေးရွာနှင့် ဆောင်လှိုင်ခွကျေးရွာ ရွာချင်းဆက်လမ်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ဖျက်ဆီးမည့်လမ်းအနီးတစ်ဝိုက်တွင် ကြိုတင်၍ ကင်းပုန်းဝပ် လုံခြုံရေးယူလေ့ရှိသည်ဟု ဒေသခံများကပြောသည်။ ထို့နောက် ဘက်ဟိုးဖြင့် လမ်းအားဖျက်ဆီးပြီး တချိန်တည်းတွင် ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိကြောင်း သိရသည်။ဖျက်ဆီးခံရသော လမ်းများသည် KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေသို့ ဝင်ထွက်သွားလာနိုင်သော လမ်းများဖြစ်သည်။ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများအား ဖြတ်လေးဖြတ်ပြုလုပ်ရန်၊ ၎င်းတို့၏ တတပ်စခန်းများ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ရန် လမ်းများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း သထုံခရိုင် PDF တာဝန်ခံက မဇ္ဈိမကို ပြောသည်။
" စစ်တပ်က စစ်ရေးမှာ မနိုင်တော့ ပြည်သူတွေသွားလာနေတဲ့ လမ်းတွေကို ယုတ်ယုတ်မာမာလိုက်ဖျက်နေတာ" ဟု ကျိုက်ထိုမြို့ခံတစ်ဦးကပြောသည်။
စာတည်း - မောင်ကြီး