ဟိုဆေးမော်ရင်ဟိုက တော့တင်ဟမ်ဟာ သူနဲ့ ချည်နှောင်တွယ်တာမှုမရှိတဲ့ သူကိုင်တွယ်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရိုးမားနည်းပြဟာ ၁၇ လကြာသာ ကိုင်တွယ်ပြီးနောက် ၂၀၂၁ ဧပြီလမှာ တော့တင်ဟမ်မှ ထုတ်ပယ်ခံခဲ့ရပါတယ်။
အသက် ၆၀ နှစ်အရွယ် ပေါ်တူဂီသားနည်းပြကြီးဟာ စပါးအသင်းကို မကိုင်တွယ်ခင် ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို နည်းပြခဲ့ပါတယ်။
"တော့တင်ဟမ်ပရိသတ်တွေက ကျနော့်ကို အထင်မလွဲကြဖို့ မျှော်လင့်တယ်၊ ဒါပေမယ့် ကျနော့်ရဲ့နည်းပြသက်တမ်းဘဝမှာ လေးနက်တဲ့ခံစားချက်မရှိသေးတဲ့ တစ်ခုတည်းသော အသင်းကတော့ တော့တင်ဟမ်ပါပဲ"လို့ မော်ရင်ဟိုက ပြောပါတယ်။
"Covid ဖြစ်ချိန် ကွင်းက ဟာလာဟင်းလင်းဖြစ်နေလို့လည်း ဖြစ်နိုင်ပါတယ်။ မစ္စတာလီဗိုင်း (တော့တင်ဟမ်ဥက္ကဌ ဒန်နီရယ်လီဗိုင်း) က ကျနော့်ကို ဖိုင်နယ်မှာ အနိုင်ယူပြီး ဆုဖလားကို ဆွတ်ခူးခွင့်မပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။"
ကြာသပတေးနေ့မှာ တော့တင်ဟမ်ရဲ့ မန်နေဂျာရာထူး ရယူဖို့အတွက် ဖီယင်နုနည်းပြ အာနီစလော့ဟာ သူကိုယ်တိုင် နုတ်ထွက်ပြီးနောက် သူ့ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပါ။
မော်ရင်ဟိုဟာ ၂၀၂၁ ဧပြီလမှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမယ့် စပါးအသင်းရဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲမတိုင်ခင် တစ်ပတ်မပြည့်ခင်မှာ ထုတ်ပယ်ခံခဲ့ရပြီး အဲဒီအချိန်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ရိုင်ယန်မေဆင်က ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒီအချိန်ကစလို့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက စတင်ကျင်းပခဲ့တဲ့ ယူရိုကွန်ဖရန့်လိဂ်ဖလားကို ရိုးမားအသင်းနဲ့ ရယူနိုင်ခဲ့ပြီး အီတလီကလပ်အသင်းကို ဒီနှစ်ရဲ့ ယူရိုပါလိဂ်ဖိုင်နယ်အထိ ဦးဆောင်ထားပါတယ်။
မေလ ၃၁ ရက်နေ့မှာ ဆီဗီလာနဲ့ ဗိုလ်လုပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရိုးမားနဲ့ သူ့ရဲ့အနာဂတ်အကြောင်း မေးမြန်းရာမှာ မော်ရင်ဟိုက “ကျနော်က မစ္စတာလီဗိုင်းရဲ့ကလပ်ကလွဲရင် ကျနော့်ရဲ့ အရင်ကလပ်အသင်းတွေအားလုံးလိုပဲ ကျနော်တို့ တသက်လုံးချည်နှောင်ငြိတွယ်သွားမှာဖြစ်တယ်။
"အဲဒါက တစ်ခုတည်းသော ကလပ်ပါ၊ ဒါကြောင့် ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်- ကလပ်တွေအားလုံးက ကျနော်နဲ့ ချည်နှောင်ငြိတွယ်မှုရှိတယ်လို့ ခံစားရတယ်။ ကလပ်တိုင်းကို ခင်ဗျားမချစ်နိုင်ဘူးလို့ လူတွေက ပြောကြလိမ့်မယ်၊ ကျနော် ကိုင်တွယ်ခဲ့တဲ့ ကလပ်တိုင်းကို ချစ်ပါတယ်။"
Ref; BBC