ထိုင်းရွေးကောက်ပွဲတွင် မဲအများဆုံး ရထားသည့် ရှေ့သို့ချီပါတီ၏ ခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်က မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး ဆောင်ကြဉ်နိုင်ရေး ကြိုးစားရာတွင် သူ့အစိုးရအနေဖြင့် မြန်မာက သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကတိပြုလာသည်။
မေ ၂၁ ရက် ညနေပိုင်းက တွစ်တာပေါ် ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံက မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များအတွက် ကူညီရန်လည်း တိုက်တွန်းထားသည်။
“မြန်မာပြည်သူတွေအတွက် ဆုတောင်းပေးပါတယ်၊ အထူးသဖြင့် မိုခါဆိုင်ကလုန်း မုန်တိုင်းအတွင်းမှာ အသက်ဆုံးရှုံးရသူတွေ၊ မိသားစု ဆုံးရှုံးရသူတွေနဲ့ အိုးအိမ်ဆုံးရှုံးရသူတွေအတွက်ပါ”ဟု တွစ်တာတွင် ၎င်းက ရေးသည်။
“ဆိုင်ကလုန်းဒဏ်သင့် ပြည်သူတွေဆီ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ မြန်မြန်ဆန်ဆန် ပေးပို့ဖို့ ထိုင်းယာယီအစိုးရနဲ့ နိုင်ငံတကာကို ကျွန်တော် တိုက်တွန်းပါတယ်၊ ဦးစားပေး လိုအပ်နေသူတွေကို ပထမ ကူညီပေးပါတယ်၊ ဒါဟာ ဝန်ကြီးချုပ်လောင်းအဖြစ် ကျွန်တော်ရဲ့ နိုင်ငံခြားရေးမူဝါဒသစ်ပါပဲ”ဟု ပီတာ လင်ဂျာရွန်ရတ်က ဆိုသည်။
“မြန်မာအရေးမှာ ကျွန်တော့်ရဲ့ မူဝါဒကတော့ သက်ဆိုင်သူ အားလုံးနဲ့ ချိတ်ဆက်ဆွေးနွေးဖို့ပါ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ စီးပွားရေး ရှုထောင့်အပါအဝင် လူသားဘေးကင်းလုံခြုံရေးကို ရှေ့ရှုသွားပါမယ်၊ ထိုင်း၊ မြန်မာ၊ အာဆီယံနဲ့ ဒီပြင်ဒေသတွေအတွက် အပြန်အလှန် ငြိမ်းချမ်းရေးနဲ့ ချမ်းသာဝပြောရေးကို ဆောင်ကြဉ်းနိုင်ဖို့ ဦးတည်အကောင်အထည် ဖော်သွားပါမယ်”ဟု ၎င်းက ရေးသည်။
လက်ရှိ၌ ပီတာသည် ၎င်းအား ဝန်ကြီးချုပ်အဖြစ် မဲပေးမည့် ညွန့်ပေါင်းဖွဲ့နိုင်ရေးအတွက် ကြိုးစားနေရပြီး အောက်လွှတ်တော် ကိုယ်စားလှယ် ၇၅၀ ၏ အများစုနှင့် အထက်လွှတ်တော်တို့က ၎င်းကို မဲပေးဖြစ်ဖွယ် ရှိသည်။
သို့ရာတွင် စစ်တပ်နှင့် စစ်တပ်နှင့် မဟာမိတ်ပါတီများ ရွေးချယ်သော အမတ်အားလုံးက ပီတာအား ဝန်ကြီးချုပ်အဖြစ် မဲပေးကြဖွယ် မရှိပေ။ ထိုအတွက် ပီတာ ဝန်ကြီးချုပ်ဖြစ်ရေး အောက်လွှတ်တော်တွင် မဲအများစု ရမှ ဖြစ်မည်ဖြစ်သော်လည်း လက်ရှိတွင် လုံလောက်သော မဲ မရသေးဘဲ ရှိနေသည်။