မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်းစက်ကွင်းဒေသများ၌ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်

By ရွှေနွယ် (မဇ္ဈိမ)
13 May 2023
မုန်တိုင်းမဝင်ရောက်မီ မုန်တိုင်းစက်ကွင်းဒေသများ၌ မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုများဖြစ်

အလွန်အင်အားပြင်းမုန်တိုင်း “မိုခါ” မဝင်ရောက်မီ ယနေ့ မေလ ၁၃ ရက်နေ့တွင် မုန်တိုင်းစက်ကွင်းဒေသများအဖြစ်သတ်မှတ်ထားသော ဒေသများ၌ မိုးရွာသွန်းခြင်း၊ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သစ်ပင်လဲကျမှုများ ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။

မန္တလေးတိုင်းအတွင်းမြို့နယ်များ၊ ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များ၊ ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်တချို့နှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်တချို့တွင် မိုးရွာသွန်းခြင်း လေပြင်းတိုက်ခတ်ခြင်းများကြောင့် လမ်းမပေါ်သို့သစ်ပင်လဲကျ သစ်ကိုင်းကျိုးကျခြင်းများနှင့် ချောင်းရေလျှံခြင်းများဖြစ်ပေါ်လျက်ရှိသည်။

ရွှေပြည်သာမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှည်းကူးမြို့နယ်၊ မြောင်းမြခရိုင် ဝါးခယ်မြို၊ ကျုံမငေးမြို့၊ လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံတားဦးမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မုံရွာမြို့၊ ပြင်ဦးလွင်မြို့နှင့် မန္တလေးမြို့တို့တွင် မိုးကြီးကာ လေပြင်းတိုက်ခတ်မှုများကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျ လဲကျ၍ လမ်းပိတ်ဆို့ခြင်းများဖြစ်နေကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ယနေ့ မေလ ၁၃ ရက်နေ့မှစ၍ မနက်ဖြန် မေလ ၁၄ ရက်နေ့နံနက်အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကာ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်၍ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မုန်တိုင်း "မိုခါ" ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှ လွဲ၍ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းဖော်ပြထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မိုခါ

#မုန်တိုင်းစက်ကွင်း

#မိုးရွာသွန်း

#လေပြင်းတိုက်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly