ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသဖြစ်သော ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြီးခဲ့သည့် မတ်လက မီးလောင်ခဲ့သော စစ်ရှောင်စခန်းကို ပြန်လည်တည်ဆောက်ပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
တရုတ် - မြန်မာ နယ်စပ်စစ်ဘေးရှောင်စခန်းကြီးဖြစ်သည့် ဂျေယန့်စစ်ရှောင်စခန်းသည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ညနေက လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ခဲ့ပြီး နေအိမ် ၃၅ လုံး ပျက်ဆီးသွားခြင်းဖြစ်သည်။
ဂျေယန့်စစ်ရှောင်စခန်း၏ ရက်ကွက် (၆)၊ အပိုင်း (B) မှ နေအိမ် ၃၅ လုံး မီးထဲပါသွားခဲ့ခြင်းဖြစ်ပြီးယခုအခါ ပြန်လည်တည်ဆောက် နေပြီဟု ကေအိုင်အိုသတင်းရင်းမြစ်များက ဆိုသည်။
လတ်တလောတွင် အဆိုပါ အိမ်ထောင်စု ၃၅ စုမှ မီးဘေးသင့်ပြည်သူ ၁၇၇ ဦးကို ဂျေယန်စစ်ရှောင်စာသင်ကျောင်းတွင် ကေအိုင်အိုအစိုးရက ယာယီနေရာ ချထားပေးကြောင်း သတင်းရရှိသည်။
ဂျေယန့်စစ်ရှောင်စခန်းသည် ကေအိုင်အိုအစိုးရထိန်းချုပ်ဒေသတွင် အကြီးဆုံးဖြစ်ပြီး နေအိမ် ၁၅၀၀ခန့်ရှိကြောင်း သိရသည်။
စာတည်း - မောင်ကြီး