စစ်ကိုင်းတိုင်း၊ ပုလဲမြို့၊ မုံရွာ-ဂန့်ဂေါ်လမ်းမကြီးဘေးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှအထိအခိုက်များရှိခဲ့ပြီး အသေးစိတ်မသိရသေးကြောင်း သခင် ဒေါင်းညိုက ဆိုသည်။
“စစ်ဆေးရေးဂိတ်မှာ စစ်သားနဲ့ရဲ အင်အား ၂၀ လောက်တော့ရှိတယ်။ အလစ်အငိုက်ကိုဖမ်းပြီး ပစ်ခတ်ခဲ့ တဲ့အတွက် အထိအခိုက်ကတော့များမယ်ဗျ။ ရန်သူ့ဘက်က စက်ကလေး၊ ငါးကြင်းမြီးတွေနဲ့ ပြန်ပစ်တာ မျိုးတွေရှိတယ်။ စစ်သားတစ်ဦး လဲကျသွားတာတော့ မြင်လိုက်ရတယ် သေမသေတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ B-21 ၊ မုဆိုးလေးတပ်ဖွဲ့နှင့် ဒေသခံမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ အင်အားတိုးချဲ့ပြီး ခရီးသွားပြည်သူ များကို အတင်းအကျပ် စစ်ဆေးနေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မုံရွာ-ဂန့်ဂေါ်လမ်း