ဂျပန်စစ်တပ်၏ အခန်းကဏ္ဍကို ချဲ့ထွင်ရန် အောက်လွှတ်တော်က မီးစိမ်းပြ

ဂျပန်စစ်တပ်၏ အခန်းကဏ္ဍကို ချဲ့ထွင်ရန် အောက်လွှတ်တော်က မီးစိမ်းပြ

တိုကျို၊ ဇူလိုင်-၁၆ ။     ။ အတိုက်အခံများက ကန့်ကွက်နေသော်လည်း စစ်တပ်၏ အခန်းကဏ္ဍကို ချဲ့ထွင်ခွင့်ပြုသည့် ဥပဒေကို ဂျပန်အောက်လွှတ်တော်က ဇူလိုင်လ ၁၆ရက်နေ့က အတည်ပြုခဲ့သည်။ အပြင်းအထန် ဆန့်ကျင်နေသည့် ကြားကပင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏အာဏာရအုပ်စု ကကော်မတီတစ်ရပ်မှတစ်ဆင့် ဥပဒေကြမ်းများကိုအတင်းအကျပ် တင်သွင်းပြီးနောက် တစ်ရက် အကြာတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်။

အတိုက်အခံလွှတ်တော်အမတ်များမှာ ၎င်းတို့၏ ပါတီခေါင်းဆောင်များက ဥပေဒများကို ဆန့်ကျင် သည့်နောက်ဆုံး မိန့်ခွန်း များပြောကြားပြီးနောက် လွှတ်တော်ခန်းမထဲမှ ထွက်ခွာသွားကြသည်။ ဂျပန် ပြန်လည်ထိန်းသိမ်းရေးပါတီ အဖွဲ့ဝင်များကသာလျှင် ခန်းမထဲဆက်ရှိနေပြီး ၎င်းတို့၏ တန်ပြန်အဆိုကို မဲပေးခဲ့ကြကာ၊ အာဏာရပါတီ၏ ဥပဒေကိုမူ ဆန့်ကျင်မဲ ပေးခဲ့ကြသည်။

အာဘေးက ဒေသတွင်းတွင် တရုတ်၏ ကြီးထွားလာနေသောသြဇာကို တန်ပြန်ရန် စစ်တပ်အခန်းကဏ္ဍကို ပိုမိုအားကောင်း ခိုင်မာစေလိုပြီး၊ နိုင်ငံတကာ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ပိုမိုထည့်ဝင်လိုနေသည်။

ဒုတိယကမ္ဘာစစ် ပြီးလျှင်ပြီးချင်း နောက်တစ်နှစ်တွင် အမေရိကန်ပြည်ထောင်စုက ရေးဆွဲပြုစုပြဌာန်းခဲ့သည့် ဂျပန်၏ စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံဥပဒေကို အာဘေး၏ အစိုးရအဖွဲ့က အဓိပ္ပာယ်အသစ်ဖြင့် ဖွင့်ဆိုလက်ခံလာရာမှ စစ်တပ်၏ အခန်းကဏ္ဍကို မြှင့်တင်မည့် ဥပေဒများကို ပြုစုလာခဲ့ခြင်းပင် ဖြစ်သည်။

ဥပဒေပြုအမတ်များ၊ တရားရေးကျွမ်းကျင်သူများနှင့် ပညာရှင်များပါဝင်သည့် အတိုက်အခံများကမူ အဓိပ္ပာယ်အသစ် ဖွင့်ဆိုမှုမှာ ဖွဲ့စည်းပုံနှင့် မညီညွတ်ကြောင်း တုန့်ပြန်ဝေဖန်ကြသည်။

ထင်မြင်ချက်မဲစစ်တမ်းကောက်ယူရာတွင်လည်း ဂျပန်နိုင်ငံသား ၈၀ရာခိုင်နှုန်းက ဥပေဒကြမ်းများကို လက်ခံရန် ခက်ခဲနေကြပြီး အများစုက ဥပဒေအသစ်မှာ ဖွဲ့စည်းပုံနှင့် မညီဟု မြင်ကြသည်ဟု ဆိုသည်။ ယခု ဥပဒေအသစ်မှာ နောက်ထပ် အခြေအတင်ဆွေးနွေးရန် အထက်လွှတ်တော်သို့ တက်ရောက်သွားပြီဖြစ်ပြီး ရက်ပေါင်း ၆၀အတွင်း မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

အကယ်၍ အထက်လွှတ်တော်က ဥပဒေကို ကန့်ကွက်မဲပေးခဲ့ပါက (သို့မဟုတ်) ရက်ပေါင်း ၆၀အတွင်း မဲခွဲရန်ပျက်ကွက်ခဲ့ပါ ကနောက်ဆုံး အနေဖြင့် ဆုံးဖြတ်ရန် အောက်လွှတ်တော်သို့ ပြန်လည် ပေးပို့ရမည်ဖြစ်သည်။

သို့ရာတွင် ပိုမိုသြဇာကြီးမား သည့်အောက် လွှတ်တော်၏ ဆုံးဖြတ်ချက်ကအထက်လွှတ်တော်၏ မဲခွဲမှုရလဒ်ကို လွှမ်းမိုးနိုင်သောကြောင့် ဇူလိုင်လ ၁၆ရက်နေ့က အတည်ပြုမှုမှာ ဥပေဒအဖြစ် အတည်ပြုပြဌာန်းရန်သေချာ သလောက်ပင်ဖြစ် သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly