ရန်ကုန်၊ ဇူလိုင် ၁၃ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းတွင် အဓိကနေထိုင်ကြသည့် ကူကီးလူမျိုးများ၏ လယ်ယာမြေ ဆုံးရှုံးနစ်နာမှုများနှင့် ပတ်သက်ပြီး အစိုးရက အပြည့်အဝဆောင်ရွက်ပေးရန်အတွက် စစ်ကိုင်း တိုင်း တမူးမြို့ရှိ ဗတ်ဇံနှစ်ခြင်း ဘုရားရှိခိုးကျောင်းတွင်ပြုလုပ်သည့်ပထမဆုံး အကြိမ်ကူကီးလူငယ် များတွေ့ဆုံဆွေးနွေး ပွဲအပြီးတွင် ထုတ်ပြန်ချက်ထုတ်တောင်း ဆိုခဲ့သည်ဟု ကူကီးလူငယ် ကွန်ရက် ဥက္ကဌ ဦးဆေးဂင်က ဇွန် ၁၃ ရက်တွင် ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို တမူးမြို့ရှိ ဗတ်ဇံနှစ်ခြင်း ဘုရားရှိခိုးကျောင်းတွင် ဇူလိုင် ၁၀ရက်မှ ၁၂အထိ သုံးရက်ကြာပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်ချက်ထုတ် တောင်းဆိုခြင်းဖြစ်သည်။
၎င်းတို့ ဒေသအတွင်း ကုမ္မဏီများ ဝင်ရောက်လာပြီးနောက် မြေသိမ်းယူမှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိ အချိန်ထိ ဧကပေါင်း ၃၅၀၀ ခန့်ကို သိမ်းယူထားပြီးဖြစ်ကာ ဒေသခံများ အနေဖြင့်လည်း ဥပေဒကြောင်း အရ နားမလည်မှုများ ရှိသောကြောင့် ထုတ်ပြန်တောင်းဆိုခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးဆေးဂင်က “ ဒေသခံတွေက ဘိုးဘွားပိုင်ဆိုပြီး နေထိုင် လာကြတာလေ။ ပိုင်ဆိုင်မှုဆိုင်ရာ စာရွက် စာတမ်း ဘာမှ မရှိဘူး၊ ဥပဒေကြောင်းအရ ပြောဆိုကြစတမ်းဆိုတော့ ဒေသခံတွေက ဥပဒေ ပိုင်းနဲ့ ပတ်သက်ပြီး မသိတော့ မပြောဆိုတတ်ဘဲ ဆုံးရှုံးရပါတယ်၊ ဒီအတွက် အစိုးရအနေနဲ့ ကူကီး လူမျိုးစု အတွက် ရထိုက်သော နိုင်ငံရေး၊ စီးပွားရေးစသည့်အခွင့်အရေးများကို အပြည့်အဝ ဆောင်ရွက် ပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟုဆိုသည်။
ထုတ်ပြန်ချက်ထုတ် တောင်းဆိုရာတွင် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိရောက် စွာ လုပ်ဆောင်ပေးရန်၊ ပညာရေးနှင့်အလုပ်အကိုင်အခွင့်လမ်းများကို အစိုးရကထိထိရောက် ဆောင်ရွက်ပေးရန် ဟူသော အချက်များကိုလည်းတောင်းဆို ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၁၆ရွာမှ လူငယ် ခေါင်းဆောင်ပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ကြပြီး လူငယ်နှင့် ရိုးရာယဉ်ကျေးမှု၊ လူငယ်နှင့် မူးယစ် ဆေးဝါး၊ လယ်ယာမြေဥပဒေ၊ လူ့အခွင့်အရေးနှင့် ဌာနေတိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ စသည် တို့ကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ဦးဆေးဂင်က ဆိုသည်။
ယင်းအပြင် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် လူငယ်များကို အမြင်ဖွင့်ရက်တို သင်တန်း ပေးကာ မူးယစ် ဆေးဝါး၏ ဆိုးကျိုးများကိုသင်ကြားပို့ချဆွေးနွေးခဲ့ကြခြင်းနှင့် ကူကီးလူမျိုးရိုးရာ ယဉ်ကျေးမှုဓလေ့ထုံး တမ်းများကို အပြန်အလှန်ဆွေးနွေးခြင်း လည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ကူကီးလူမျိုးများသည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ခန္တီးမြို့နယ်၊ လေရှီးမြို့ များတွင် ရှေးနှစ်ပေါင်းများစွာ ကပင် တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ်နေထိုင် လာခဲ့ကြသူများ ဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းတွင်လည်း ကုဒ်နံပါတ် ၉၁၄ ကူကီးလူမျိုးဟုထည့်သွင်းခြင်း ခံထားရသည့် လူမျိုးများ ဖြစ်သည်။
ကူကီးလူငယ် ကွန်ရက်၏ ရှေ့လုပ်ငန်းစဉ်များ အနေဖြင့် မိမိတို့ဒေသရှိလူငယ်များ အကြား မူးယစ် ဆေးဝါး သုံးစွဲခြင်း၏ဆိုးကျိုး များ၊ အမြင်ဖွင့်သင်တန်းများ တိုးချဲ့လုပ်ဆောင်ရန်၊ ဌာနေ တိုင်းရင်းသား များ အခွင့်အရေးနှင့် မိမိရိုးရာယဉ်ကျေးမှုကို ပိုမိုသိရှိ နားလည်စေရန်၊ မြေယာဥပဒေ နှင့် လူ့အခွင့် ရေး စသည့် လူမူရေးအမြင် နိုင်ငံရေးအမြင်များကို ပိုမိုသိရှိနားလည်လာစေရန် ၊ ဒေသရှိလူငယ်များ ဖက်ဒရယ်အရေးနှင့် ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်လာနိုင်ရေးအတွက် အတူတကွ ပူးပေါင်း လုပ်ဆောင် သွားရန် စသည်တို့ကိုလည်း လုပ်ဆောင်သွားမည်ဟု ဦးဆေးဂင်က ဆိုသည်။