အာဖဂန်နစ္စတန်တွင် ကျောင်းအပ်ထားခဲ့သော မိန်းကလေး ၃ သန်းကျော်သည် နိုင်ငံကို ကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် ညာသင်ကြားခွင့် မရတော့သဖြင့် ၎င်းတို့၏ အနာဂတ်မှာ မျှော်လင့်အားရဖွယ်မရှိကြောင်း Save the Children ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပညာသင်ကြားခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် စောစီးစွာ အိမ်ထောင်ပြုခြင်း၊ နိုင်ငံအတွင်းတွင် အကြမ်းဖက်မှုနှင့် ညှင်းပန်းနှိပ်စက်မှု အန္တရာယ်များ မြင့်တက်လာခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ TOLO News သတင်းဌာနက ဖော်ပြခဲ့သည်။
ကျောင်းသူများက ပညာရေး ပိတ်ပင်တားမြစ်ခံရခြင်းအပေါ် စိုးရိမ်မိကြောင်း ထပ်ခါတလဲလဲ ဖော်ထုတ် ပြောဆိုခဲ့ကြပြီး ပုံမှန်ကျောင်းဖွင့်ချိန် မတ်လ ၂၁ ရက်နေ့တွင် ကျောင်းများပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
“အာဖဂန်နစ္စတန်က ဆဌမတန်းနဲ့အထက် မိန်းကလေးတွေကို ပညာသင်ကြားခွင့် ပိတ်ပင်ထားတဲ့ ကမ္ဘာမှာတစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ကြိုးပမ်းနေကြတယ်။ အောင်မြင်မှုဆီတက်လှမ်းဖို့ အကောင်းဆုံးလမ်းကြောင်းက စာသင်ကျောင်းတွေဆိုတာ သူတို့ သိကြတယ်” ဟု အာဖဂန်နစ္စတန်ဆိုင်ရာ Save the Children အဖွဲ့၏ ယာယီဒါရိုက်တာ အိုလီဗီယာ ဖရန်ချီ က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
အာဖဂန်ပြည်သူများကလည်း မိန်းကလေးများအတွက် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးရန် တာလီဘန် အစိုးရထံ တောင်းဆိုခဲ့ကြသည်။
“အစ္စလာမ်ဘာသာကိုအခြေခံတဲ့ တာလီဘန်အစိုးရအနေနဲ့ မိန်းကလေးရော ယောက်ျားလေးတွေပါ ပညာလေ့လာခွင့် ပေးမယ်လို့ မျှော်လင့်ပါတယ်” ဟု ကဘူးလ်မြို့ခံတစ်ဦးဖြစ်သူ ဇယ်မိုင်က TOLOnews သို့ ပြောကြားခဲ့သည်။
“ပညာသင်နှစ်စဖို့ တစ်ပတ်ပဲကျန်တော့တာမို့ နိုင်ငံတွင်းမှာရှိတဲ့ မိန်းကလေးတွေအားလုံးအတွက် ကျောင်းတံခါးတွေကို ပြန်ဖွင့်စေချင်ပါတယ်” လို့ ကျောင်းသူတစ်ဦးဖြစ်သူ နာဂျီနားက ပြောသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အလုပ်နှင့် ပညာသင်ကြားခွင့် ပိတ်ပင်ခြင်းသည် အစ္စလာမ်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အပါအဝင် အစ္စလာမ္မစ်နိုင်ငံများနှင့် အဖွဲ့အစည်းအများအပြားက ရှုတ်ချထားသည်။
အာဏာပိုင်များသည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်ကတည်းက မိန်းကလေးငယ်များအား အလယ်တန်းကျောင်းတက်ရောက်ခွင့် ပိတ်ပင်ထားပြီး အမျိုးသမီးများနှင့် မိန်းကလေးများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ကန့်သတ်ထားသလို အမျိုးသမီးများကို လုပ်ငန်းခွင်မှ ဖယ်ထုတ်ထားကာ ပန်းခြံများ၊ အားကစားရုံများနှင့် အများသူငှာ ရေချိုးခန်းများကိုလည်း အသုံးပြုခွင့် ပိတ်ပင်ထားသည်။