ရိုက်တာက ကြည့်ခွင့်ရခဲ့သော တင်ဒါစာရွက်စာတမ်းတစ်ခုအရ မြန်မာသည် နိုင်ငံတွင်းတွင် လောင်စာဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရန်နှင့် လောင်စာဆီထွက်ပစ္စည်းများ ရောင်းချရန် ဖက်စပ်ပါတနာများ ရှာဖွေနေကြောင်း သိရသည်။
လောင်စာဆီသိုလှောင်ရုံများကို မြန်မာရေနံထွက်ပစ္စည်းလုပ်ငန်း (MPPE)က ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စွမ်းအင်ဝန်ကြီးဋ္ဌာနအောက်တွင် ရေနံထွက်ပစ္စည်းများ လက်လီလက္ကား ဖြန့်ဖြူးရောင်းချမှုကို တာဝန်ယူလျက်ရှိသည်။ ယခုအခါ MPPE သည် ဝယ်ယူသူများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုသော လုပ်ငန်းစီမံခန့်ခွဲမှုတိုးတက်စေရန်အတွက် ဖက်စပ်လုပ်ကိုင်နိုင်ရေး ပြည်ပကုမ္ပဏီများက တင်ဒါတင်သွင်းရန် လိုလားနေသည်။
ဖက်စပ်ကုမ္ပဏီသစ်အနေဖြင့် လုပ်ငန်းချဲ့ထွင်ပြီး ရှိပြီး အဆောက်အအုံများကို ပြန်လညမြင့်တင်ပေးရန် လိုအပ်မည်ဖြစ်သည်။ MPPE က ရှယ်ယာ ၅၁ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန်ရာခိုင်နှုန်းကို နိုင်ငံခြားကုမ္ပဏီက ပိုင်ဆိုင်မည်ဖြစ်သည်။ MPPE၏ ထည့်ဝင်မှုတွင် မြေယာအသုံးပြုခွင့်နှင့် အဆောက်အဦများ၊ တပ်ဆင်ကိရိယာများ၊ စက်များနှင့် အခြေခံအဆောက်အအုံများ ပါဝင်ခဲ့သည်။ ဖက်စပ်လုပ်ငန်းကာလသည် အမြင့်ဆုံး နှစ် ၃၀ကြာမြင့်မည်ဖြစ်ပြီး ၁၀နှစ်နှစ်ကြိမ်ထိ သက်တမ်းတိုးနိုင်သည်။
တင်ဒါလျှောက်ထားသူများအနေဖြင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၁၀ နှစ်ရှိရန်လိုအပ်ပြီး လွန်ခဲ့သည့် သုံးနှစ်အတွင်း တစ်နှစ်လျင် အနည်းဆုံး ရေနံထွက်ပစ္စည်းကုဗပေ ၂ဒသမ၇သန်း ရောင်းဝယ်ဖူးရန် လိုအပ်သည်။ တင်ဒါပိတ်ရက်မှာ အောက်တိုဘာ ၂၀ရက်နေ့ဖြစ်သည်။ လွန်ခဲ့သည့်လက မြန်မာသည် ရေနံဓါတ်ငွေ့ရည် (LPG) သိုလှောင်ရုံကြီးတည်ဆောက်ရန်နှင့် ချက်လုပ်အပူပေးလောင်စာများ ဖြန့်ဖြူးရောင်းချမှုအတွက် အဆင့်ဆင့်ရောင်းချဝန်ဆောင်မှုပြုလုပ်နိုင်ရန် ရင်းနှီးမြုပ်နှံသူများ ရှာဖွေခဲ့သည်။
၂၀၁၀ပြည့်နှစ်က MPPE သည် နိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကကုမ္ပဏီများကို လောင်စာဆီဖြည့်တင်းရောင်းချပေးသည့်ဆိုင် ၂၁၆ဆိုင်ကို လွှဲပြောင်းပေးခဲ့ပြီး ဆိုင်ရရှိခဲ့သူအများစုမှာ ယခင်စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။
၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်က လောင်စာဆီတင်သွင်းမှု စုစုပေါင်းတန်ဘိုးမှာ ဒေါ်လာ ၂ဒသမ၃ဘီလျံထိရှိခဲ့ပြီး ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်ကထက် ၁ဒသမ၉၂ဘီလျံတိုးလာခဲ့ကြောင်း အစိုးရ၏ သတင်းအချက်အလက်များအရ သိရှိရသည်။