ရန်ကုန်၊ ဇူလိုင် ၈ ။ ။ ဆဲဗင်းဇူလိုင် အခမ်းအနားတွင် ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသား သမဂ္ဂမြက်ခင်းပြင်ရှေ့တွင် အထိမ်းအမှတ်ပွဲ လုပ်ခဲ့သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများက ခွင့်ပြုချက်မဲ့ စုဖွဲ့စီတန်း သည့်အတွက် ဦးဆောင်သူများကို အရေးယူမည်ဟု ကမာရွတ်မြို့နယ် ရဲမှူး ဇော်ဝင်းက မဇ္ဈိမကိုပြောသည်။
ကမာရွတ်မြို့နယ် ရဲမှူး ဇော်ဝင်းက “လောလောဆယ်မှာ အမှုဖွင့်အရေးယူထားတာ မရှိသေးပါဘူး။ ဥပဒေအရတော့ စီတန်းတယ်၊ လှည့်လယ်တယ်ဆိုရင် အမှုဖွင့်အရေးယူရမှာပဲလေ။ အားလုံးကို အရေးယူမှာတော့ မဟုတ်ပါဘူး။ ဦးဆောင်တဲ့သူကတော့ အဓိကပေါ့။ လုပ်ရပ်တော့ကောင်းပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်မယူတော့ ဥပဒေအရ သွားရမှာပေါ့” ဟုပြောသည်။
ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမြက်ခင်းပြင်ရှေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ညနေပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ပြုလုပ်မည့် ကျောင်းသားသမဂ္ဂများကို ရဲဝန်ထမ်းများက တားဆီး ပိတ်ပင်မှုများလည်းရှိသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အဖွဲ့ဝင် ကိုရှိန်းရာဇာထွန်းက “အဲ့ဒီနေ့တုန်းက တားဆီးတာရှိခဲ့ပေမယ့် အေးအေးဆေးဆေး ညှိနှိုင်းပြောဆိုပြီး အခမ်းအနားပြုလုပ်ခွင့်ရခဲ့ပါတယ်။ အရေးယူတာ မယူတာ ကတော့ အစိုးရ ကိစ္စဆိုတော့ ဘာမှဝေဖန်သုံးသပ်တာ မလုပ်ချင်ပါဘူး” ဟုပြောသည်။
၁၉၆၂ ခုနှစ် မတ်၂ရက်တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သောတော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ပြီးနောက်တွင် ကျောင်းသားများ ပူးပေါင်းပြီး အာဏာသိမ်းခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်။
ယင်းနောက်ဇွန်လ ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းဆောင်ဥပဒေ ၂၂ ချက်ကို ထုတ်ပြန်ခဲ့ခြင်းကြောင့် ဇူလိုင်လအတွင်းမှ စတင်ကာ တက္ကသိုလ်များ အတွင်း ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင် ၇ ရက်တွင် တော်လှန်ရေး ကောင်စီမှ ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက် ပစ်ခတ်နှိမ်နှင်းမှုကြောင့် ကျောင်းသားများစွာ သေဆုံးခဲ့သည်။ ဇူလိုင် ၈ ရက်တွင်ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲ ဖျက်စီးခံခဲ့သည်။