ဗြိတိန်ရုပ်သံလွှင့်ကော်ပိုရေးရှင်း (ဘီဘီစီ) နှင့် တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး တို့အကြား ငွေယူပြီး ဝါဒဖြန့်ချိပေးသည့် ဆက်ဆံရေးအကြောင်း ဗြိတိန်အခြေစိုက် The Spectator စာစောင်က ဖွင့်ချလိုက်သည်။
ဘတ်ဂျက်ရန်ပုံငွေဖြတ်တောက်မှုများနှင့် လိုင်စင်အခကြေးငွေများ၏ အနာဂတ် မသေချာမရေရာမှုများကြောင့် ဘီဘီစီသည် မေးခွန်းထုတ်စရာ ကော်ပိုရိတ်မိတ်ဖက်အသစ်အချို့ကို ရှာဖွေခဲ့ကြောင်း The Spectator ၏ ဝေဖန်ရေးဆောင်းပါးရှင် စတီးယားပိုက်ခ်က ရေးသားခဲ့သည်။
အမေရိကန်၏ ၂၀၁၉ ခုနှစ်က ဒဏ်ခတ်ပိတ်ဆို့မှုနှင့် ၂၀၂၀ ခုနှစ်က ဗြိတိန်တွင် 5G ကွန်ရက်တပ်ဆင်မှုတို့မှ တားမြစ်ခံထားရသည့် တရုတ်နည်းပညာကုမ္ပဏီကြီး Huawei နှင့်ဆက်စပ်သော ကိစ္စကို စတီးယားပိုက်ခ်က ဖော်ထုတ်ခဲ့သည်။
၂၀၀၂ ဂေါ့ဒရာအဓိကရုဏ်းအချိန်က ဂူဂျာရတ်ပြည်နယ် ဝန်ကြီးဘဝနှင့် ယခု အိန္ဒိယ၏ ဝန်ကြီးချုပ်ဖြစ်သူ နရိန္ဒြာရာမိုဒီ၏ အခန်းကဏ္ဍကို 'India: The Modi Question' ဟူသောအမည်ဖြင့် ဘီဘီစီက ၂ ပိုင်းခွဲ ထုတ်လွှင့်ခဲ့မှုကြောင့် အငြင်းပွားစရာဖြစ်လာခဲ့သည်။
အိန္ဒိယအစိုးရက ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို ဝေဖန်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အရင်ဒမန် ဘဂ္ဂချီက အဆိုပါ မှတ်တမ်းရုပ်ရှင်သည် အမှန်တရားနှင့်ကင်းကွာသည့် ဝါဒဖြန့်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် အိန္ဒိယအထက်လွှတ်တော်အမတ် တရားလွှတ်တော်ချုပ်အထက်တန်းရှေ့နေ မဟက်ရှ်ဂျက်မလန်က ဘီဘီစီသည် အငြင်းပွားမှုကြီးများဖြစ်အောင် လှုံ့ဆော်သော ပြည်ပသတင်းထောက်လုပ်ငန်းအတွက် တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး ထံမှ ငွေကြေးများ ရရှိထားကြောင်း ပြောကြားခဲ့သည်။
ဂျမူးနှင့် ကက်ရှ်မီးယားကို နိုင်ငံတစ်စိတ်တစ်ပိုင်းအဖြစ် မဖော်ပြဘဲ ဖြတ်တောက်ထားသည့် အိန္ဒိယမြေပုံကို ထုတ်လွှင့်ခဲ့သည့်အတွက် ဘီဘီစီကို ပြစ်တင်ဝေဖန်ခဲ့သည်။
ထို့ပြင် ဟွာဝေး နှင့် သဘောတူညီမှုရရှိပြီးနောက် ဘီဘီစီသည် တရုတ်နိုင်ငံက ဝီဂါလူနည်းစုများကို ပစ်မှတ်ထားသည့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာ ဖန်တီးရာတွင် တရုတ်အာဏာပိုင်များအား ကူညီပေးခဲ့သည်ဟု The Spectator က ဖော်ပြခဲ့သည်။
ဘီဘီစီသည် ၎င်း၏ ပြည်ပသတင်းထောက်များအတွက် ဟွာဝေး ထံမှ ငွေကြေးများ ရယူနေဆဲဖြစ်သည်။ မနှစ်က ဝီဂါစခန်းများတွင် တရုတ်၏ တရားမဲ့ပြုကျင့်မှုများကို သိရှိပြီးဖြစ်သည့်တိုင် ဘီဘီစီသည် တရုတ်အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် ကုမ္ပဏီတစ်ခုထံမှ ငွေယူနေသေးသည့်အတွက် အံ့အားသင့်မိကြောင်း အမည်မဖော်လိုသူ လက်ရှိဝန်ထမ်းတစ်ဦးက စတီးယားပိုက်ခ်ကို ပြောကြားခဲ့သည်။
ဘီဘီစီစတူဒီယိုဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဗြိတိန်ပြင်ပရှိ ဘီဘီစီ၏ နိုင်ငံတကာသတင်းနှင့် အားကစားဝက်ဘ်ဆိုက် ဖြစ်သည့် BBC.com ကို ကြော်ငြာများမှရသည့် ငွေကြေးဖြင့်လည်ပတ်နေသည်ဟု ဆိုသည်။
ဘီဘီစီသည် နောက်ထပ်မေးခွန်းများကို ဖြေကြားခြင်းမပြုခဲ့ဘဲ ဟွာဝေး နှင့် ပူးပေါင်းလုပ်ဆောင်မှုမှ ငွေကြေးမည်မျှရှိသည်ကို ပြောကြားရန်လည်း ငြင်းဆိုခဲ့ကြောင်း The Spectator က ဖော်ပြခဲ့သည်။