(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာကို ဖျက်ဆီးပြီးပြန်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ကို ရှေ့ထွက်မိုင်း ခုနစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်လိုက်ရာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ဘုတလင်စွန်ရဲပြောက်ကျားတပ်ဖွဲ့ တာဝန်ခံထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၁၁နာရီ ၂၀မိနစ်ခန့်အချိန်ခန့်တွင် ဇီးတောရွာမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ဘက်သို့ ခြေလျင်ဖြင့် ပြန်လည်တပ်ခေါက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အပြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့တာဝန်ခံ ကိုအသေးလေးက ပြောသည်။
“မိုင်းကွင်းကို စီတန်းတိုးတာဗျ။ မိုင်းဆွဲတဲ့လူအန္တရာယ်ကင်းအောင် ဆွဲရတာမို့ ထိခိုက်တာပဲရှိတာပါဗျ။ မိုင်းထိတဲ့နေရာမှာတော့ သွေးအိုင်တွေတွေ့တယ်ဗျ။ မိုင်းတွေထောင်တာကတော့ အသွားတုန်းက မိုင်းဆွဲမယ်ဆိုပြီးထောင်ထားတာဗျ ။ အသွားတုန်းကမဆွဲလိုက်ရလို့ ပြန်လှည့်လာချိန်မှာ ဖောက်ခွဲတိုက်ခိုက်တာပါ” ဟု ကိုအသေးလေးက မဇ္ဈိမသို့ပြောသည်။
ယင်းကဲ့သို့ မိုင်းဆွဲတိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်သားများက ၆၀မမ လက်နက်ကြီး တစ်လုံးဖြင့် ပြန်လည်ပစ်ခတ်သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီတပ်သားများသည် ဘုတလင်မြို့နယ် ဇီးတောရွာသို့သွားစဉ်က ကားတာယာများနှင့် ဓာတ်ဆီများ ယူသွားခဲ့သော်လည်း ရွာကိုမီးမရှို့သွားကြောင်းလည်း ကိုအသေးလေးထံမှ သိရသည်။
စစ်ကောင်စီတပ်သားများအား ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကို ဘုတလင်စွန်ရဲ ပြောက်ကျားတပ်ဖွဲ့ နှင့် People Defense & Revenge Army (PDRA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)