ဇူလိုင် ၃၊ ရန်ကုန်။ ။ လာမည့် ဇွန် ၅ ရက် မန္တလေးမြို့၊ ဗထူးကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၁ ပွဲစဉ်တစ်ပွဲ ဖြစ်သော ရတနာပုံအက်ဖ်စီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ပွဲစဉ်အား MRTV Entertainment ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသဖွယ်ရှိနေသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရတနာပုံအသင်းနှင့် ရန်ကုန်အသင်းတို့ပွဲစဉ်အား တိုက်ရိုက်ပြသနိုင်ရန် မြန်မာ့အသံ နှင့် ရုပ်မြင့်သံကြား MRTV သို့ စာတင်ထားသည်။
' ဘောလုံးအဖွဲ့ချုပ်က ပြချင်တယ်ဆိုပြီး တင်ပြထားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးရုံးကို တင်ပြထားပါတယ်။ ခွင့်ပြုချက် ရရင် ပြမယ်။ ပြဖြစ်ရင် MRTV enternatiment channel ပြဖို့ များတယ်။ ဒါပေမယ့် မသေချာသေးပါဘူး' မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။
မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ ပွဲစဉ် တစ်ချို့ကို MRTV-4 Forever Group မှ ၎င်းတို့၏ ဆက်စပ် ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ထုတ်လွှင့်ရန် ဘောလုံးအဖွဲ့ချုပ်မှ ကြိုးပမ်းနေခြင်းဖြစ်သည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲစဉ်များကို ဘောလုံးပရိသတ်အများစုမှ အခမဲ့ ရုပ်သံလိုင်းများ တွင် ပြသနိုင်ရန် လိုလားလျက်ရှိသည်။